စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ မန္တလေး PDF ဖိတ်ခေါ်
ဇွန် ၇၊ ၂၀၂၅
စစ်ကောင်စီကို အတူတကွ တိုက်ထုတ်ပြီး သာယာဝပြော တရားမျှတပြီး လွတ်လပ်တဲ့ တိုင်းပြည်ကို တည်ထောင်ကြဖို့ မန္တလေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY PDF) က ဖိတ်ခေါ်လိုက်ပါတယ်။
စစ်ကောင်စီဟာ မြို့နယ်အလိုက် ၊ ရပ်ကွက်အလိုက် ၊ မိသားစုအလိုက် လူငယ်လူရွယ်တွေကို အတင်းအကြပ် မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်းပေးကာ ရှေ့တန်းပို့ အသေခံခိုင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီလိုလုပ်နေတာဟာ စစ်ကောင်စီက လူအရေအတွက် များများစတေးတဲ့နည်းနဲ့ သူတို့လိုအပ်နေတဲ့အချိန်ကို ဆွဲဆန့်နေတာဖြစ်ကြောင်း မန္တလေး PDF ကဆိုထားတာပါ။
“စစ်မှုထမ်း အပတ်စဉ် ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက တောရော မြို့ပါမကျန် လူငယ်တိုင်း သတိချပ်ကြပါ။ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင် တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါ” လို့လည်း MDY PDF ကထုတ်ပြန်ထားပါတယ်။
အခုလို ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီ ဖြစ်တာကြောင့် စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကျနော်တို့နဲ့အတူ ပူးပါင်းပါဝင်အားဖြည့်ပေးကြဖို့ကိုလည်း MDY PDF ကနေ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေ၊ ကျွန်တော်တို့နဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တွန်းလှန်တိုက်ထုတ်လိုတဲ့ လူငယ် ကျား/မ မရွေးကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်လျက်ရှိပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။