ဂျွန်လွင်ကို ချမ်းချမ်းရောင်းချတဲ့ ပစ္စည်းများကိုဝယ်ယူလို့ဆိုပြီး စစ်တပ်ကဖမ်းဆီးထား
(DBA) ဇွန်- ၇
မော်ဒယ်လောကကို ဦးဆောင်ခဲ့တဲ့ ဂျွန်လွင်ကို အဆိုတော်ချမ်းချမ်းရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူလို့ဆိုပြီး စစ်တပ်က ဇွန်လ၅ရက်နေ့က ဖမ်းဆီးထားပါတယ်။
ဂျွန်လွင်ဟာ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်များအတွင်း NUG ရဲ့ ထောက်ပို့ဖြစ်သူ ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းများကို ဝယ်ယူပြီး ပြည်တွင်းမှာ ပြန်လည်ရောင်းချမှုများ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်ကဖမ်းဆီးထားတာဖြစ်ပါတယ်။
NUG အကြမ်းဖက်အုပ်စုနဲ့ အကြမ်းဖက် ပဒက်တွေကို ထောက်ပိုလုပ်နေတဲ့ ဝရမ်းပြေး ချမ်းချမ်း ရောင်းတဲ့ ကုန်ပစ္စည်းတွေကိုဝယ်ယူခဲ့တဲ့ဂျွန်လွင်ကို ခေါ်ယူစစ်ဆေးလျက်ရှိပါတယ်။ ဂျွန်လွင်ဟာ ပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေမှာလည်း NUG အကြမ်းဖက်အုပ်စုရဲ့ ထောက်ပိုဖြစ်သူ အကြမ်း ဖက်ပြည်ပြေး ချမ်းချမ်း ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူပြီး ပြည်တွင်းမှာပြန်လည်ရောင်း ချမှုများ ပြုလုပ်ကြောင်း သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး ဂျွန်လွင်ကို ပြီးခဲ့တဲ့ ၂ရက်ကတည်းကခေါ်ယူစစ်ဆေးနေတာဖြစ်ပါတယ်။အခြားအနုပညာရှင်တွေ အပါအဝင် ပြည်တွင်းကပြည်သူတွေအနေနဲ့လည်း ပြည်ပြေးအကြမ်းဖက်အဖွဲတွေနဲ့ ဆက်စပ်ပြီး အွန်လိုင်းကနေ ရောင်းဝယ်တာတွေ ဆက်သွယ်တာတွေလုပ်ရင်တော့ အကြမ်းဖက်ဥပဒေနဲ့ အရေးယူခံရမယ်ဆိုတာ သိဖို့လိုပါတယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေကတဆင့် သတင်းထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ချမ်းချမ်းထံမှ ကုန်ပစ္စည်းများကို တစ်ဆင့်ပြန်လည်ရောင်းချ မှုများပြုလုပ် တယ်လို့ဆိုကာ မန္တလေးတိုင်း ချမ်းအေးသာစံမြိုနယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက် ၈၁နဲ့၈၂ လမ်းကြား ၃၃ လမ်းနေ Treasure Hnin Online Shop လုပ်ငန်းလုပ်ကိုင်သူ ဖြူဖြူနှင်း နဲ့ ရန်ကုန်တိုင်း ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ် ၅၄ ရပ်ကွက် ချယ်ရီ ၁ လမ်းနဲ့ ရွှေသပြေလမ်းထောင့်၊ အမှတ်(၃/က)နေ ဘုန်းမြင့်အောင်တိုအား စစ်တပ်ကဖမ်းဆီးထားပါတယ်။