ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်​ရေး စီးနင်းဖမ်းဆီး ■ကျပ်သိန်းတစ်​သောင်း​ကျော်၊ ​ရွှေ​​ချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆည်းနိုင်ခဲ့

by

in

ဗန်းမောက် အထူးသယံဇာတအဖွဲ့ကို NUG ကာကွယ်​ရေး စီးနင်းဖမ်းဆီး
■ကျပ်သိန်းတစ်​သောင်း​ကျော်၊ ​ရွှေ​​ချောင်းအချို့ နှင့် အဆင့်မြင့်လက်နက်များပါသိမ်းဆည်းနိုင်ခဲ့
ဇွန်-၆၊၂၀၂၅။ကဖေး/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့်NUGကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
“MOD က ဆင်းဖမ်းတာပါ။ အဲ့အဖွဲ့ကတစ်စင်ထောင်ချင်တဲ့ အနေအထားရှ်ိလာတာရယ်၊ သိန်းသောင်းချီပြီး အဂတိလုပ်နေတာကြောင့် ဖမ်းတာပါ။အာကာဆိုသူ ဦးဆောင်တဲ့အဖွဲ့ပါ”ဟုဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ဇွန်လ ၃ရက်ညနေပိုင်းတွင်ကစီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အဖွဲ့ထံမှ ရွှေချောင်းအချို့နှင့် ငွေကျပ်သိန်းတစ်သောင်းခြောက်ထောင်ကျော်သိမ်းဆည်းနိုင်ခဲ့ကြောင်းဗန်းမောက်မြို့နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန နှင့် နီးစပ်သူကပြောသည်။
၎င်းက ” သူတို့မှာ တရားမ၀င်ရွှေလုပ်ကွက်တွေရှိတယ်။ ငွေအလွဲသုံးစားလုပ်တာလဲရှိတယ်။ သယံဇာတနဲ့ပတ်သက်ရင်မတရားအခွန်ကောက်တာတွေကောပဲ။ဝယ်ထားတဲ့လက်နက်တွေကလည်းအကောင်းစားတွေ။တိုက်ပွဲမှာတောင်မမြင်ဘူးတဲ့ဟာတွေ” ဟုဆက်ပြောသည်။
အဆိုပါအဖွဲ့သည်ဗန်း‌မောက်မြို့နယ်မှထွက်ရှိသည့် သယံဇာတများကို စီမံခန့်ခွဲရန်အတွက် NUGအစိုးရ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြီးခဲ့သည့်မတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့အောက်တွင် မြို့နယ်၊ခရိုင်၊တိုင်းအဆင့်များဖွဲ့စည်းထားပြီး ပြည်ထောင်စု နှင့် အောက်ခြေအဖွဲ့များ ထိထိရောက်ရောက်ချိတ်ဆက်နိုင်ရန်အတွက် အထူးသယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ကို ထပ်မံဖွဲ့စည်းထားခြင်းဖြစ်သည်။
“ဗန်းမောက်အထူးအဖွဲ့က Third Partyထောင်ပြီး အာဏာဖီဆန်လာတဲ့ပုံစံရယ်၊ ဒေသခံတွေအပေါ် အာဏာပြလာတာတွေရယ်ကြောင့်MODက လက်ဦးမှုယူပြီးဖမ်းဆီးလိုက်တာ။ အခုက အခြေအနေအားလုံးတည်ငြိမ်ပါတယ်”ဟု ဗန်းမောက်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ဖမ်းဆီးလိုက်သည်အဖွဲ့၏ခေါင်းဆောင်မှာ ဦးအာကာ ဆိုသူဖြစ်ပြီး ပြည်ထောင်စုအာကာအမည်ဖြင့် အဖွဲ့တစ်ဖွဲ့ထောင်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး လက်နက်များလည်း တရားမဝင်ဝယ်ယူထားသည်ကိုတွေ့ရသည်ဟု NUG၊MODနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။
“အာကာနဲ့အတူ သူ့အဖွဲ့ကို ဖမ်းဆီးထားကြောင်းအတည်ပြုပါတယ်” ဟုNUG၊MODနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
ဦးအာကာနှင့်ပတ်သက်​သောအချက်အလက်အ​သေးစိပ်ကို People’s Spring ကစုံစမ်းနေဆဲဖြစ်ပါသည်။ ဖမ်းဆီးထားသူ လူဦးရေ နှင့် သိမ်းဆည်းလိုက်သည့်လက်နက်ခဲယမ်း အရေအတွက်ကို မသိရှိရသေးပေ။
ယခုဖြစ်စဥ်အ​ပေါ် NUG၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသ
တင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
NUG ဝန်ကြီးချုပ်ရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က ဗန်း​မောက်မြို့နယ် အထူးသယံ
ဇာတအဖွဲ့နှင့် ပတ်သက်၍ တိုင်စာများအရ စုံစမ်းစစ်ဆေးမေးမြန်းရန်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်​ကြောင်း​ပြောသည်။
“လက်ရှိအခြေအနေအရတော့ ရဲတပ်ဖွဲ့ကဖမ်းဆီးဖို့အခက်အခဲရှိတာကြောင့်မို့လို့ ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့ အကူအညီရယူပြီးတော့ ဖမ်းဆီးခဲ့တာဖြစ်တယ်” ဟုဦး​နေဘုန်းလတ်က ရှင်းပြသည်။
လက်ရှိတွင် ဗန်း‌မောက်မြို့နယ်မှ သယံဇာတများစီမံခန့်ခွဲ ရေးအတွက် NUGအစိုးရ၏သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်နေသည်ဟုသိရသည်။
ဗန်းမောက်မြို့သည် ကသာ၊ အင်းတော်၊ ထီးချိုင့်မြို့နယ်များနှင့်အတူ ကသာခရိုင်အတွင်း၌ပါဝင်သည်။ အဆိုပါလေး မြို့နယ်အနက် အင်းတော်မြို့နယ်ကို အမျိုးသားညီညွတ်ရေးအစိုးရက အပြည့်အဝသိမ်းပိုက်ထိန်းချုပ်ထားပြီး ကသာ၊ ထီးချိုင့်နှင့် ဗန်းမောက်မြို့တို့တွင်လည်း မြို့ပေါ်မှလွဲ၍ ပတ်ဝန်းကျင်ကျေးရွာများကို ထိန်းချုပ်ထားသည်။
ဗန်းမောက်မြို့နယ်၌ ရွှေတူးဖော်ရေးလုပ်ငန်းများအပြင် သံရိုင်း၊ ခဲ၊ ဘော်၊ ကြေး၊ ရွှေဖြူ စသည့် သတ္တုများများလည်းထွက်ရှိပြီးNUGအစိုးရ၏
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေသည်။
NUGကမေလ ၈ ရရက်က ကျင်းပခဲ့သည် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင်သယံဇာတသည် ပြည်သူအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်အမွေအနှစ်ဖြစ်သောကြောင့် စနစ်တကျစီမံခန့်ခွဲရန်လိုအပ်ပြီး တစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့က စီမံခန့်ခွဲခြင်းမျိုး လုံးဝလက်ခံ၍ မရကြောင်း ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။
ဗန်းမောက်မြို့နယ်အပြင် အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားသည့် မြို့နယ်အချို့၌ သယံဇာတထုတ်လုပ်ရေး နှင့် စီမံခန့်ခွဲမှုအပိုင်း၌ အဂတိလိုက်စားမှု အချို့ရှိနေ၍ ပြည်ထောင်စုအဆင့်မှနေ၍ ထိန်းသိမ်းကိုင်တွယ်ပေးရန် တောင်းဆိုမှုများရှိနေသည်။
(ဗန်း​မောက်မြို့နယ် ၊မဲဇာ မြစ်အတွင်းတရားမဝင်​ရွှေတူး​ဖော်​နေသည့်လုပ်ငန်းအချို့(ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)