လွိုင်ကော်မြို့ပြင်သပြေကုန်းရွာဘုန်းကြီးကျောင်း
တွင်တပ်စွဲထားသောစစ်စခန်းကို ကရင်နီတပ်ပေါင်းစုတိုက်ခိုက်
■စစ်ကူစစ်ကြောင်းကိုပါဖြတ်တောက်တိုက်ခိုက်ပြီး သေနတ် ၈ လက်ရရှိ
ဇွန်-၅၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊လွိုင်ကော်မြို့၊သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်းရှိ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ၂၀ ဦးထက်မနည်းသေပြီး လက်နက် ရှစ် လက်ရရှိကြောင်း KNDF ဗျူဟာ (၂) က ယနေ့(ဇွန်လ ၅ ရက်)တွင်ထုတ်ပြန်သည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာအမှတ်-၂ တပ်ရင်းများနှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် သပြေကုန်းရွာဘုန်းကြီးကျောင်း၀န်းအတွင်း အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။
စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်စဉ်စစ်ကူစစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာ MA-1 ငါးလက်၊ AK-47 တစ်လက်၊ MA-4 တစ်လက်၊ RPG တစ်လက် နှင့် အခြားလက်နက်ခဲယမ်းများ သိမ်းယူရရှိခဲ့ကြောင်းဖော်ပြထားသည်။
စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဘက်မှ ရဲဘော်နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြသည်။
“ဒီလ ၃ ရက်နေ့က တိုက်ပွဲပါ။တိုက်တာက လွိုင်ကော်မြို့ပြင်ကစကစ စခန်းကို။အဲဒီအချိန် လွိုင်ကော်မြို့ ကနေ စကစ စစ်ကူတက်လာတာကိုပါထပ်တိုက်နိုင်ခဲ့တဲ့ မျိုးလို့သိရတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်း မြစ်က လူထုနွေဦးသို့ပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကောင်စီစခန်းသည် လွိိုင်ကော်-မိုးဗြဲလမ်းခွဲအနီးရှိကာ ဆီဆိုင်မြို့သို့သွားသည်လမ်းပိုင်းပေါ်တွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် မိုးဗြဲ မြို့ကို ထိုးစစ်ဆင်နေသည် မှာငါးလကျော် နေပြီဖြစ်ပြီး တော်လှန်ရေးတပ်ပေါင်းစုက ခုခံကာကွယ်နိုင်နေဆဲ ဖြစ်သည်။
လက်ရှိ ကရင်နီပြည်နယ်တွင် ဘောလခဲ နှင့် ဖားဆောင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲ ဖြစ်ပွားမှုများရှိကာ ကရင်နီတပ်ပေါင်းစုက စစ်တပ်၏ ကာကင်းစခန်းအချို့ကိုသိမ်းပိုက်ရရှိထားသည်။
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများနှင့် ကရင်နီတပ်ပေါင်းစုကိုတွေ့ရစဥ်။ဓါတ်ပုံ-KNDF ဗျူဟာ(၂) )