စစ်ကောင်စီက TNLA ထိန်းချုပ်မြို့များကို အဆိပ်ငွေ့ဗုံး ၁၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့၍ အရပ်သား ၂၆ ဦး ထိခိုက်သေဆုံး
ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်
စစ်ကောင်စီက အပစ်ရပ်သည်ဟု ကြေညာ၍ ၎င်းတို့စစ်ရှုံး လက်လွှတ်လိုက်ရသော တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မြို့များကို မေလအတွင်း အဆိပ်ငွေ့ဗုံး ၁၀၀ ကျော်အပါအဝင် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရှုံးလက်လွှတ်လိုက်ရသည့် နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့ကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထိုကဲ့သို့ တိုက်ခိုက်ခဲ့ကြောင်း TNLA က ယနေ့ဇွန် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါမြို့များကို စစ်ကောင်စီက မေလအတွင်း လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်မှုကို ၂၆ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး ၇၇၆ လုံး၊ ဒရုန်းဖြင့် ဗုံး ၃၂၉ လုံးနှင့် အဆိပ်ငွေ့ဗုံး ၁၁၄ လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်၍ အရပ်သား ရှစ် ဦး သေဆုံးကာ ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုအနက်မှ စစ်ကောင်စီတပ်သည် နောင်ချိုမြို့ရှိ ကျေးရွာများနှင့် TNLA တည်ရှိရာကို ဦးတည်ပြီး ဒရုန်းဖြင့် ဗုံး၊ အဆိပ်ငွေ့ဗုံးများ လာရောက်ကြဲချသလို လေကြောင်း ၁၂ ကြိမ်နှင့် လက်နက်ကြီး ၇၇၆ လုံးတို့ဖြင့် တိုက်ခိုက်သဖြင့် အရပ်သား ခြောက် ဦး သေဆုံး၍ ၁၄ ဦး ဒဏ်ရာရကာ နေအိမ် (၈) လုံး ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းအပြင် မိုးကုတ်မြို့တွင်လည်း အရပ်သားများကို ဦးတည်ကာ လေကြောင်းဖြင့် (၆)ကြိမ် တိုက်ခိုက်သဖြင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရကာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၁၈ လုံး ထိမှန်ပျက်စီးသွားကြောင်း TNLA က ထုတ်ပြန်ပြောဆိုသည်။
အလားတူ ကျောက်မဲမြို့ကို လေကြောင်းဖြင့် ၂ ကြိမ် တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် နှစ် လုံး ထိမှန်ပျက်စီးပြီး မိုင်းငေါ့မြို့တွင် တစ်ကြိမ်နှင့် မိုင်းလုံမြို့တွင် ၃ကြိမ်တိုင်တိုင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် မန်တုံမြို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်ရာ အရပ်သား တစ်ဦး သေဆုံး၍ သံုံးဦး ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် နေအိမ် ၂၇လုံး ထိမှန်ပျက်စီးခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလကလည်း နောင်ချို၊ မိုးကုတ်၊ သပိတ်ကျင်း၊ သီပေါ၊ မိုင်ယော်နှင့် နမ့်ဆန်မြို့နယ်တို့ကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်များ ပျက်စီး၍ ကလေးငယ်အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ငလျင်ကြောင့် အပစ်ရပ်သည်ဟု စစ်ကောင်စီက ကြေညာထားပြီး တစ်ဖက်တွင်မူ ထိုကဲ့သို့ တစ်ဖက်သတ် တိုက်ခိုက်နေခြင်းဖြစ်ကာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ပြန်လည်ရလို၍ ကူမင်းဆွေးနွေးပွဲမှတစ်ဆင့် တောင်းဆိုနေကြောင်း သိရသည်။
ဓာတ်ပုံ-TNLA
ပုံစာ-စစ်ကောင်စီက TNLA ထိန်းချုပ်မြို့များကို အဆိပ်ငွေ့ဗုံးအပါအဝင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရသည့် မြင်ကွင်း။