ရန်ကုန်တွင် ယခုတစ်ပတ်အတွင်း ကိုဗစ် ၁၉ လူနာအသစ် ၁၇ ဦးတွေ့ရှိပြီး ကာကွယ်ဆေး ပစ္စည်းပြတ်လပ်နေ

by

in

ရန်ကုန်တွင် ယခုတစ်ပတ်အတွင်း ကိုဗစ် ၁၉ လူနာအသစ် ၁၇ ဦးတွေ့ရှိပြီး ကာကွယ်ဆေး ပစ္စည်းပြတ်လပ်နေ
ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
ရန်ကုန်တိုင်းတွင် ယခုတစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာအသစ် ၁၇ ဦးတွေ့ရှိပြီး ရန်ကုန်မြို့အတွင်းရှိ နာမည်ကြီးပုဂ္ဂလိက ဆေးရုံများတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးပစ္စည်းပြတ်လတ်နေကြောင်း သိရသည်။
မေ ၂၅ မှ ဇွန် ၁ ရက်နေ့အတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)သံသယ ဓာတ်ခွဲနမူနာ ၁၇၇၈ ခုကိုစစ်ဆေးရာတွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ လူနာသစ် ၁၇ ဦးတွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဇွန် ၃ ရက်တွင် ထုတ်ပြန် သည်။
ရန်ကုန်မြို့အတွင်း ကိုဗစ် – ၁၉ တွေ့ရှိသူများလာချိန်၌ ဆေးရုံ၊ဆေးခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ပစ္စည်း ပြတ်လပ်နေသဖြင့် ကာကွယ်ဆေးထိုးချင်သူများ အခက်အခဲကြုံတွေ့ရကြောင်း ရန်ကုန် မြို့ခံများထံက သိရသည်။
“ ကိုဗစ်ကာကွယ်ဆေးထိုးချင်လို့ ဆေးရုံတွေလိုက်မေးတာ ဘယ်မှမရဘူး။ အချို့ဆေးရုံက ပစ္စည်းပြတ်နေတယ်။ အချို့ဆေးရုံက မထိုးပေးဘူးပြောတယ်။ အဲဒါနဲ့ရာသီတုပ်ကွေး ကာကွယ်ဆေးထိုး ဖို့ကျတော့လည်း ကုန်နေတယ်ဆိုတော့ ဘာမှမထိုးလိုက်ရဘူး။ ဘယ်တော့ပြန်ရမလဲ ဆိုတာလည်း မသိဘူး” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခုတစ်ပတ်ကိုဗစ် – ၁၉ တွေ့ရှိသူများတွင် လှိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ အလုံ၊ ရွှေပြည်သာ၊ ဗိုလ်တထောင်၊ ဆိပ်ကြီးခနောင်တို၊ ပုဇွန်တောင်၊ ပန်းပဲတန်း၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာနှင့် ဒဂုံမြို့သစ်( မြောက်ပိုင်း) မြို့နယ်များမှဖြစ်ကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်(စ်) ကြောင့်ဖြစ်ပေါ်လာသော ကိုဗစ် – ၁၉ ရောဂါကို ဒေသတွင်းပုံမှန်ကူးစက်မှု ဖြစ်ပွားတတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါအဖြစ် လျော့ချသက်မှတ်ပြီးနောက် ဗိုင်းရပ်(စ်)မျိုးကွဲများထွက်ပေါ်လာကာ ယခုမိုးရာသီတွင် ကူးစက်မှုပြန်လည်များပြားလာခြင်း ဖြစ်သည်။
မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ် – ၁၉ ရောဂါစသည့် အသက်ရှူလမ်း‌ကြောင်း ဆိုင်ရာကူးစက် ရောဂါများဖြစ်ပွားတတ်သဖြင့် ကာကွယ်ဂရုစိုက်ရန်နှင့် ကြိုတင်ကာကွယ်ရန်လိုအပ်ပြီး ပြီးခဲ့သည့် မေလ ၁၈ မှ ၂၅ ရက်အတွင်း ကိုဗစ်သံသယရှိသူ နမူနာစုစုပေါင်း ၂၇၅၄ ခုကို ဓာတ်ခွဲစစ်ဆေးရာတွင် ကိုဗစ်၁၉ လူနာအသစ် ခြောက် ဦးတွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – MRCS