ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA တပ်က ဒရုန်းများဖြင့် တိုက်ခိုက်နေပြီး ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်သို့ တိမ်းရှောင်
ရန်ကုန်၊ ဇွန် ၃
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA တပ်က ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူ ၅၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးလာကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယမန်နေ့ ဇွန်လ ၂ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များက ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ပေါက်ကွဲသံများကို ထိုင်းဘက်အခြမ်းမှ ကြားနေရကြောင်း၊ သေ့ဘောဘိုးစခန်းသည် ထိုင်း-မြန်မာနယ်စပ်နှင့် ၁ ကီလိုမီတာသာ ကွာဝေးပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု တချို့ရှိကြောင်း သိရှိရသည်။
လတ်တလော ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ တပ်စခန်း ၅ ခု သာကျန်ရှိတော့ပြီး ဥကရစ်ထ၊ သေ့ဘောဘိုး၊ ဝေါ်လေဗျူဟာကုန်း၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်းတို့သာ ကျန်ရှိတော့သည်။
ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ကရင်ပြည်နယ်ဘက်မှ ပြည်သူ ၅၀၇ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်လာပြီး နေရာ ၃ ခုတွင် ဒုက္ခသည်များကို လက်ခံထားကြောင်း ထိုင်းသတင်းဌာနများက ဆိုသည်။
ထိုင်းစစ်တပ်ကလည်း တိုက်ပွဲများဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လုံခြုံရေးတိုးမြှင့်ထားပြီး အချိန်ပြည့် ကင်းလှည့် အသင့်နေရာယူထားကြောင်း သိရှိရသည်။
KNU က မတ်လ၊ ဧပြီလနှင့် မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်းတို့ကို ဆက်တိုက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။