အာဏာသိမ်းကာလတွင် ကုန်သွယ်မှုမဟုတ်သည့် လိုငွေ မြောက်မြားစွာပြနေဟု စစ်ခေါင်းဆောင်ပြော
001
မဇ္ဈိမ ။ ။ အာဏာသိမ်းကာလတွင် ကုန်သွယ်မှုမဟုတ်သည့် Non Trade တွင် လိုငွေ မြောက်မြားစွာပြနေ ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (မေလ ၃၀ ရက်)က နေပြည်တော်တွင်ပြုလုပ်သည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူ ထောင်ခြင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။
“Non Trade မှာလိုငွေတွေအများကြီးပြတယ်။ အနှုတ်တွေ တအားများပါတယ်”ဟု စစ်ခေါင်းဆောင်က ဆိုသည်။
ထိုသို့ Non Trade တွင် လိုငွေများပြနေသည့်အတွက် နိုင်ငံခြားငွေရှားပါးပြီး ငွေလဲလှယ်နှုန်းများ မြင့်တက် နေခြင်းဖြစ်ကာ အဆိုပါလိုငွေပြမှုများသည် ပြည်ပထွက်ခွာမှုများကြောင့်ဟု ၎င်းက ထည့်သွင်းအပြစ်တင် သည်။
Non Trade မှ ထွက်ငွေများထဲတွင် ပြည်ပမှတရားမဝင်တင်သွင်းမှုများလည်းရှိပြီး အာဏာသိမ်းပြီး နောက် တရား မဝင်ကုန်ပစ္စည်းတင်သွင်းမှုများ တဖြည်းဖြည်းများလာသည်ဟုလည်း ပြောသည်။
“ပြည်ပထွက်ခွာမှုတွေ တော်တော်ကိုများတာတွေ့ပါတယ်။ ပြည်ပထွက်ခွာမှုတွေက လမ်းလျှောက်သွား တာမဟုတ်ဘူး။ လေယာဉ်ပျံနဲ့ သွားကြတာကိုးဗျ။ လေယာဉ်ခတွေကုန်တာပေါ့ အဲဒီမှာ။ ဒါ အခြေခံလေး တခုပဲ ကျွန်တော်တွက်ပြတာပါ”ဟု ဆိုသည်။
သို့သော်လည်း ကုန်သွယ်မှုတွင်မူ ပိုငွေပြခဲ့ကာ ပြီးခဲ့သည့် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာနှစ်ဘီလီယံကျော် ပိုငွေပြကြောင်း၊ အာဏာသိမ်းပြီးနောက် လေးနှစ်အတွင်း ပထမနှစ်တွင် ကုန် သွယ်မှုပိုငွေပြပြီး နောက်နှစ်နှစ်တွင် လိုငွေပြခဲ့ကြောင်း၊ သို့သော် လေးနှစ်စလုံးပေါင်းပါက ပိုငွေပြ ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
ပို့ကုန်ထက် သွင်းကုန်များနေပါက ကုန်သွယ်မှုလိုငွေပြပြီး စစ်ခေါင်းဆောင်က ကုန်သွယ်မှုပိုငွေပြသည်ဟု ဆိုသည့် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ ၁၉ ရက်နေ့အထိ သုံးလကျော်အတွင်း သွင်းကုန် တင်သွင်းမှုမှာ ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၁,၅၀၀ ကျော် ကျဆင်းသွားသည်ကို စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာန၏ အများပြည်သူကို ပို့ကုန်၊ သွင်းကုန်စာရင်း ကြည့်ရှုခွင့်မကန့်သတ်ခင် နောက်ဆုံးဖော်ပြထားသည့် အချက်အလက်များတွင် တွေ့ရသည်။
တဖက်တွင်လည်း နိုင်ငံခြားငွေလိုအပ်ချက်နှင့် သွင်းကုန်လိုင်စင်ချပေးရန် ကြန့်ကြာမှုအပါအဝင် စစ် ကောင်စီ၏ သွင်းကုန်ကဏ္ဍအပေါ် ကန့်သတ်ထိန်းချုပ်မှုများကြောင့် ပြည်ပမှတင်သွင်းရသည့် ကုန်ကြမ်း ပြတ်လပ်မှုများ ကြုံတွေ့ရကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်အချို့က မဇ္ဈိမကို ပြောထားသည်။
လက်ရှိတွင် နိုင်ငံခြားငွေရှားပါးမှုများနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်က Non Trade လိုငွေပြမှုကြောင့် ဟုပြောလာခြင်းဖြစ်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင်လည်း ပြည်ပချေးငွေများမရကြောင်း၊ ပြည်ပ သို့သွားရောက် အလုပ်လုပ်ကိုင်သူများထံမှလည်း နိုင်ငံခြားငွေရသင့်သလောက်မရကြောင်း ပြောဆိုခဲ့ဖူး သည်။
နိုင်ငံအတွက် နိုင်ငံခြားငွေများကို ကုန်သွယ်မှုမှ ရရှိသကဲ့သို့ ကုန်သွယ်မှုမဟုတ်သည့် Non Trade မှလည်း ရရှိကာ Non Trade မှ ရငွေများထဲတွင် ပြည်ပချေးငွေများ၊ ပြည်ပရောက်လုပ်သားများ၏ လွှဲပို့ငွေများနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများလည်းပါဝင်ပြီး အာဏာသိမ်းမှုကြောင့် ချေးငွေများမရရှိတော့သည့်အပြင် ပြည်ပ ရင်းနှီးမြှုပ်နှံများလည်း ထွက်ခွာလျက်ရှိသည်။
စာတည်း။ ။စောဖေ
ဓာတ်ပုံ – အာဏာသိမ်းကာလတွင် ကုန်သွယ်မှုမဟုတ်သည့် Non Trade လိုငွေ မြောက်မြားစွာပြနေ ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (မေလ ၃၀ ရက်) ကပြော သည်။ (MWD)
#MizzimaBurmeseNews
