မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲပြင်းထန်

by

in

မြဝတီမြို့အနီး စွယ်တော်ကုန်းတပ်စခန်း တိုက်ပွဲပြင်းထန်
ကိုပုဂံ/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေရာ ယမန်နေ့ညက တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ကြောင်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ် ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် ၂၉ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။
“၂ရက်ရှိပြီး ညတုန်းက တော်တော်ကြမ်းတယ်။ မနက်စောထိ ချတယ်။ ညတုန်းက အတော်ချတယ်။ စစ်တပ်က အမြောက်နဲ့ပစ်တာ နည်းတယ်။ ဒီဘက်က ပစ်နေတာ။ တက်ပြီးတော့ မလုံးသေးဘူး။ အရင်ဖြိုနေတာပေါ့”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။
လက်ရှိတွင် ငြိမ်သက်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါစွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များက ယခင်က မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။
(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – Cobra Column)