နိုင်ငံတစ်ဝန်း ဗုံးကြဲသတ်ဖြတ်နေသော်လည်း EROs နှင့် တော်လှန်ရေး အင်အားစုများအနေဖြင့် ယာယီအပစ်ရပ်မှု လိုက်နာရန် စစ်ခေါင်းဆောင်ပြော
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
စစ်ကိုင်းပြတ်ရွေ့ ငလျင်လှုပ်ခတ်မှုကြောင့် ယာယီအပစ်ရပ်သည်ဟု ကြေညာပြီး နိုင်ငံတစ်ဝန်း လေကြောင်းဖြင့် ဗုံးကြဲနေသော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EROs) နှင့် တော်လှန်ရေး အင်အားစုများအနေဖြင့် ယာယီအပစ်ရပ်မှုကို လိုက်နာပေးရန် စစ်ခေါင်းဆောင်က တိုက်တွန်းကြောင်း ပြောဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၌ ယမန်နေ့ မေ ၂၉ ရက်က ပြုလုပ်သော မြန်မာ့ငလျင်ဘေးအတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲတွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့သလို တစ်ဖက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
“နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက် ဆိုင်သူတွေအနေနဲ့ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားတဲ့အပေါ် အလေးထားစဉ်းစားပြီး လိုက်နာဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်သဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်ဟုဆိုကာ ဧပြီ ၂ ရက်မှစတင်၍ ယခုမေလကုန်ထိ ယာယီအပစ်ရပ်စဲကြောင်း အပစ်ရပ် သက်တမ်းအကြိမ်ကြိမ်တိုးမြှင့်ပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
“စစ်တပ်ဆိုတာ ဘယ်တုန်းကမှ ကတိတစ်လုံးကို အလေးမထားဖူးဘူး။ အပစ်ရပ်တယ်ပြောပြီး တော်လှန်ရေးတပ်တွေ အင်အားနည်းအောင်၊ စည်းဖောက်ဝင်တိုက်တယ်ဆိုပြီး နိုင်ငံတကာမှာ အကြမ်းဖက်ဖြစ်အောင် လုပ်နေတာပဲလေ” ဟု CDM ဗိုလ်ကြီးဘုဏ်းသိုက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ငလျင်ဘေးအတွက် ကူညီလှူဒါန်းမှုများကို စစ်ရေးနှင့် အကျိုးစီးပွားများအတွက် အသုံးချနေ၍ ထိခိုက်ပြည်သူများထံ အကန့်အသတ်ဖြင့်သာရောက်ရှိနေပြီး ကူညီသူများကိုလည်း ဟန့်တားပိတ်ပင် ဖမ်းဆီးမှုများရှိကြောင်း သတင်းများအရ သိရသည်။
စစ်ကောင်စီသည် ယာယီအပစ်ရပ်စဲသည်ဟု ထုတ်ပြန်ချိန်မှစ၍ လက်ရှိတိုင် ကျေးရွာ၊ စာသင်ကျောင်းများအပါအဝင် စစ်ရေးပစ်မှတ် မဟုတ်သော နေရာများနှင့် အပြစ်မဲ့ပြည်သူများကို အဓိကထားကာ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူအစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရသည်။
စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုများအနက် ကလေးငယ် ၂၂ ဦးနှင့် ဆရာမ နှစ်ဦးတို့ကို ထိခိုက်သေဆုံးသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ အိုးတိန်တွင်းရွာ စာသင်ကျောင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ ထွန်းရဝေရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေး နှစ်ဦးအပါအဝင် လူ ၁၂ ဦသေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ပါဝင်သည်။
စစ်ကောင်စီ၏ ဗုံးကြဲသတ်ဖြတ်မှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ၎င်းတို့၏ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ မြေပြင်တွင် ဖွင့်လှစ်ပညာသင်ကြားနေသော ကြားကာလ ပညာရေးကျောင်းများအားလုံး ခေတ္တယာယီရပ်နားထားရန် ထုတ်ပြန်ခဲ့ရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
