ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသော ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်

by

in

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသော ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်၊ မေ ၃၀

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသော ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNLA သတင်းရင်းမြစ်များကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ယနေ့မေလ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန် KNLA ၊ KNDO ပူးပေါင်းတပ်များက ဝေါ်လေဗျူဟာစစ်စခန်းအနီးရှိ အမြင့်မားဆုံးတောင်ကုန်းတွင် တည်ရှိနေသော ဘုရင့်နောင်ကုန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါစခန်းကုန်းကို ပထမဆုံးအကြိမ်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မေလ ၂၈ ရက်နေ့ ကနဲလေးစခန်းကို သိမ်းပြီးတော့ အပြန်မှာ မနေ့က အဲဒီဘုရင့်နောင်စခန်းကုန်းကို တက်၀ိုင်းတာ။ ပြီးတော့ ဒရုန်းတွေနဲ့ တောက်လျှောက် ဗုံးကျဲချပြီး သိမ်းလိုက်တာလို့ သိရတယ်။ အဲဒီစခန်းကုန်း အရမ်းမြင့်တယ်။ ဘယ်လိုမှ တက်သိမ်းဖို့ မလွယ်တဲ့နေရာကို ညတွင်း ချင်းတိုက်ပြီး ဒီမနက်မှာ သိမ်းပစ်လိုက်တာ။ စစ်တပ်က အကုန်ဆင်းပြေးတာလို့ သိရတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ဘုရင့်နောင်တပ်စခန်းကို KNLA က ဆယ်စုနှစ်ချီ၍ ထိုးစစ်ဆင်ခဲ့ဖူးသော်လည်း တစ်ကြိမ်မှ မသိမ်းပိုက်ခဲ့ဖူးကြောင်း၊ ယခု သိမ်းပိုက်ရရှိမှုမှာ ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်းဖြစ်သည့်အပြင် နာရီပိုင်းအတွင်း သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် စစ်ကောင်စီတပ်စခန်းများကို KNLA က ထိုးစစ်ဆင်နေခြင်းကြောင့် ပြည်သူ ၅၃၃ ဦး ထိုင်းနိုင်ငံဘက်အခြမ်းသို့ ခိုလှုံလာကြောင်း ထိုင်းသတင်းများက သတင်းဖော်ပြသည်။
ဓာတ်ပုံ- ကနဲလေးစစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် ကရင့်အမျိုးသားအလံတောင် စိုက်ထူးနေသည့်မြင်ကွင်းနှင့် ယနေ့နံနက်ပိုင်း ထိုင်းဘက်သို့ ထွက်ပြေးလာသော ပြည်သူများ။