ကနဲလေးတပ်စခန်း သိမ်းပိုက်ပြီး မြင်ကွင်းများ
မေ ၂၉၊၂၀၂၅။/People’s Spring
မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် နဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေထဲရှိပြီး မေလ ၂၀ရက်မှာ မော်ခီစခန်းကို စတိုက်ပြီးနောက် မေလ ၂၁ရက်မှာတော့ ကနဲလေးစခန်း၊ သေဘောဘိုစခန်းနဲ့ ဘလယ်ဒိုတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခံရတာပါ။ မေလ ၂၃ရက်ညပိုင်းမှာတော့ ဘလက်ဒိုတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
မနေ့က(မေလ ၂၈ရက်)မှာ ကနဲလေးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညပိုင်းမှာ သိမ်းပိုက်ရခဲ့တာလို့ ကရင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
ကနဲလေးစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ သေဆုံးမှုအနေအထားကိုတော့ မသိရသေးဘဲ စစ်ကောင်စီတပ်သား ၅၂ဦးကတော့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“သူတို့က ဒီမနက်မှ ထွက်ပြေးတာ”လို့ သူက ဆက်ပြောပါတယ်။
KNLA၊PDF ပူးပေါင်းတပ်တွေဟာ မနေ့ကလည်း မြဝတီမြို့တောင်ဘက်က သေဘောဘိုးဗျူဟာ တပ်စခန်းကို ထိုင်းနိုင်ငံကနေဖြတ်သန်းပြီး စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၆၄ဦးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
တချို့ကို အရှင်ဖမ်းမိပြီး စစ်ကောင်စီတပ်သား ၂၈ဦးကတော့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးသွားခဲ့ပါသေးတယ်။
KNLA၊PDF ပူးပေါင်းတပ်တွေဟာ တချိန်တည်းမှာဘဲ သေဘောဘိုးဗျူဟာတပ်စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
(ကနဲလေးတပ်စခန်းသိမ်းပိုက်အပြီး တွေ့ရသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − KNDO တပ်ရင်း -၈)