KIA ၏ ပစ်ခတ်မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့သော စစ်တပ်ရဟတ်ယာဉ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းထုတ်ပြန်
ရန်ကုန်၊ မေ ၂၉
ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်တွင် စကခ ၂၁ ထံသို့ စစ်ကူ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာပို့သော စစ်ရဟတ်ယာဉ်များကို KIA က ပစ်ခတ်ခဲ့မှုကြောင့် ရွှေကူမြို့တွင် အရေးပေါ် ဆင်းသက်ခဲ့သော စစ်ရဟတ်ယာဉ် ၁ စီးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကို KIA က ထုတ်ပြန်သည်။
မေလ ၂၀ ရက်နေ့ ဗန်းမော်သို့ စစ်ကူလာသော စစ်ရဟတ်ယာဉ် ၃ စီးအနက်မှ ၂ စီးကို KIA က ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့နယ်၊ တောထဲတွင် ပျက်ကျခဲ့ပြီး ကျန်ရဟတ်ယာဉ် ၁ စီးမှာ ရွှေကူမြို့၊ ခလရ ၅၆ တွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။
အဆိုပါ အရေးပေါ် ဆင်းသက်ခဲ့ရသော ရဟတ်ယာဉ်ကို မေလ ၂၁ ရက်နေ့ KIA ၊ KPDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့်အရေးပေါ် ဆင်းသက်ထားသော ရဟတ်ယာဉ် အပြင် အနီးတွင် ရဟတ်ယာဉ်ကို လုံခြုံရေးယူ၊ လာရောက် ပြင်ဆင်ကြသော စစ်ကားများပါ ထိမှန် ပျက်စီးသွားကြောင်း သိရှိရသည်။
“ရွှေကူ ခလရ-၅၆ မှာအရေးပေါ်ဆင်းသက် ရပ်နားထားတဲ့ Mi-17 ရဟတ် ယာဉ်ကို မေလ ၂၁ ရက်နေ့ မှာ KIA၊ KPDF က ဒရုန်းနဲ့ ဗုံးသွားချဖျက်ဆီးလိုက်တယ်။ ရဟတ်ယာဉ်က ရစရာမရှိဘူး၊ ပျက်စီးသွားတယ်။ ပြင်လို့မရတော့ဘူး။ ရဟတ်ယာဉ်ကို ဒရုန်း နဲ့ ၃ ကြိမ် ဗုံးချတယ်။ Suicide Drone နဲ့ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
KIA ၏ ပစ်ခတ်မှုကြောင့် ရွှေကူမြို့နယ်၊ တောထဲတွင် ပျက်ကျသွားခဲ့သော စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်တွင်မူ စစ်သား ၁၆ လောင်းနှင့် မီးလောင် ပျက်စီးသွားသော လက်နက် ၁၄ လက် သိမ်းဆည်းရရှိခဲ့ပြီး ရဟတ် ယာဉ်မှူး ဗိုလ်ကြီး မျိုးထက်အောင် အလောင်းကိုမူ အကောင်းပတိအတိုင်း KIA က ရရှိခဲ့သည်။