စစ်ကိုင်းတိုင်းအထက်တွင် မိုးအဆမတန်ရွာပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်တက်လာနိုင်

စစ်ကိုင်းတိုင်းအထက်တွင် မိုးအဆမတန်ရွာပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက်တက်လာနိုင်
DVB

စစ်ကိုင်းအထက်ပိုင်း၊ ချင်းတွင်းမြစ်ညာဒေသမှာ မိုးအဆမတန်ရွာနိုင်ပြီး ၄၈ နာရီအတွင်း ၁၂ လက်မကျော်အထိ ရွာနိုင်တယ်လို့ မိုးလေဝသကျွမ်းကျင်သူ ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကနေ မေ ၂၈ ရက် ဒီနေ့ညနေ ၅ နာရီခွဲအချိန်မှာ သတိပေးထားပါတယ်။
မေ ၂၈ ရက်ကနေ ၃၁ ရက်အထိနဲ့ ဇွန် ၃ ရက်အတွင်း ချင်းတွင်းမြစ်ညာပိုင်းဒေသတွေဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက ထန်ပါကွေး၊ လေရှီးနဲ့ လဟယ်ဒေသအပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်၊ ရွှေပြည်အေး၊ ဟုမ္မလင်း၊ ထမံသီ၊ ခန္တီး၊ ရှင်ဗွေယန် စတဲ့ ဒေသတွေမှာ မိုးများရာကနေ မိုးအလွန်များနိုင်တာကို ECMWF နဲ့ Meteoblue ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
၄၈ နာရီအတွင်း မိုးရေချိန် ၃၂၅ မီလီမီတာအထက်(၁၂ ဒသမ ၈ လက်မလောက်) အထိရွာသွန်းနိုင်ပြီး ချင်းတွင်းမြစ်ရေ ရုတ်တရက် မြင့်လာနိုင်တယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကလည်း ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာနိုင်ပြီး နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မေ ၂၈ ရက် ညနေ ၆ နာရီမှာ ခန့်မှန်းထုတ်ပြန်ပါတယ်။
လက်ရှိမှာလည်း တနိုင်ငံလုံးမိုးရွာနေပြီး မိုးသည်းသည်းထန်ထန်ရွာတာနဲ့အတူ လေပြင်းတိုက်ခတ်၊ လျှပ်စီးလက်၊ မိုးကြိုးပစ်၊ နေရာကွက်မိုးကြီး လျှပ်တပြက် ရေကြီး၊ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်လို့ အထူးဂရုပြုကြဖို့ အကြံပြုထားပါတယ်။
Photo : မိုးဇလ၊ U Win Naing
#ချင်းတွင်း #မိုး #စစ်ကိုင်း