ကျောက်ဖြူမြို့အနီးတိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် သာမာန် တရုတ်ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်မှုတွေရှိနေ
သဉ္ဇာနွယ်- နိရဉ္စရာ၊ မေ ၂၇/၂၀၂၅
ရခိုင်ပြည်၊ ကျောက်ဖြူမြို့ အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တစ်နေ့ထက် တစ်နေ့ ပြင်းထန်လာတဲ့အတွက် သာမာန်တရုတ်ဝန်ထမ်းတွေဟာ ယခုရက်ပိုင်းအတွင်းမှာ စက်ရုံတွေကနေ ထွက်ပြေး တိမ်းရှောင်မှုတွေ ရှိလာနေတယ်လို့ သတင်းရရှိပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” AAနဲ့ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီဖက်က တရုတ်စက်ရုံတွေရဲ့ ဧရိယာထဲကို လုံခြုံရေးတဲ့ပုံစံနဲ့ အင်အားတွေဖြည့်တယ်။ အမှန်က ကာဗာယူပြီးနေတာလေ။ ဒါတွေကို စက်ရုံထဲမှာရှိတဲ့ တရုတ် လုပ်သားတွေနဲ့ မြန်မာဝန်ထမ်းတွေက သဘောပေါက်လာလို့ ကြောက်လို့ ထွက်ပြေး တိမ်းရှောင်ကြတာ”လို့ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ်၊ မလကျွန်းဧရိယာဝန်းကျင်ရှိ တရုတ်စီမံကိန်းဧရိယာအနီးထိ တိုက်ပွဲဖြစ်ပွားလာပြီး စစ်ကောင်စီမှ အဆိုပါနေရာတွေမှာ အင်အားဖြည့်တင်းပြီး လုံခြုံရေး ယူထားကာ ပစ်ခတ်မှုတချို့လည်း စက်ရုံအနီးဝန်းကျင်မှာ ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။
“ ထွက်ပြေး တိမ်းရှောင်ကြတဲ့ အထဲမှာ တရုတ်လုပ်သားအပါအဝင် မြန်မာလုပ်သားတွေလည်း ပါတယ်။ လက်နက်ကြီးတွေက နေ့တိုင်းပစ်တယ်။ လေယာဉ်က ဗုံးကြဲတယ်။ ဒရုန်းနဲ့ တိုက်တယ်။ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားဖြစ်လာတော့ မနေ့က မေလ ၂၆ရက်နေ့မှစပြီး ထွက်ပြေး တိမ်ရှောင်သွားကြပြီတယ်လို့ သိရတယ်” လို့ပြောပါတယ်။
တရုတ်ဝန်ထမ်းတချို့ကတော့ တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့ ကျောက်ဖြူသဘာဝဓာတ်ငွေ့နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းရှိတဲံ မဒေးကျွန်းဖက်သို့ တိမ်းရှောင်ကြပြီး တရုတ်ဝန်ထမ်း အကြီးပိုင်းတချို့ကတော့ ရန်ကုန်သို့ လေကြောင်းနဲ့ တိမ်းရှောင်သွားကြတယ်လို့ ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောပါတယ်။
(ဓာတ်ပုံ- ပုံဟောင်းသာ)
