ဒေါ်အောင်ဆန်းစုကြည်ရရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုကို သားဖြစ်သူ ကိုထိန်လင်းက ကိုယ်စား ဆုလက်ခံ
မေ-၂၆၊ ၂၀၂၅။ People’s Spring
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှု အခမ်းအနားကျင်းပခဲ့ရာ ဒီနှစ်အတွက် ရွေးချယ်ပေးအပ်ချီးမြှင့်ခြင်းခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ကိုယ်စား သားဖြစ်သူ ကိုထိန်လင်းက ဆုလက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၄ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားမှာ ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှု ပေးအပ်ချီးမြှင့်ခံရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခေါ်)မစ္စတာကင်မ်အဲရစ်က ကိုယ်စားဆုလက်ခံရယူခဲ့တာဖြစ်ပါတယ်။
“ဒီဆုဟာ မေမေ့ရဲ့ စွန့်လွှတ်မှုများကိုသာမက လွတ်လပ်တဲ့မြန်မာနိုင်ငံ ဖြစ်စေချင်တဲ့ အိမ်မက်ကိုလည်း ရည်ညွှန်းပါတယ်။ ဒီ့အတွက် ကျွန်တော်တို့ဆက်လက် ပြောဆို တွန်းလှန်ကြရမယ်၊ မကြာခင် ဒီမိုကရေစီရမယ်ဆိုတာကို ယုံကြည်ကြရမယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။
အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းဟာ ဂုဏ်ပြုမှု ပေးအပ်ချီးမြှင့်ခံရသူ ဒါမှမဟုတ် အသင်းအဖွဲ့ကို ဂုဏ်ပြုမှုနဲ့အတူ ဒေါ်လာတစ်သောင်း ပေးအပ်ဂုဏ်ပြုပြီး ဒီနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ရခြင်းမှာ အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဂုဏ်ပြုမှုကို ကိုယ်စားဆုလက်ခံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ရရှိလာတဲ့ ဆုငွေနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။
“ဒီဆုငွေကို မေမေ့လိုပဲ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသား မိသားစုများနှင့် လူငယ်တွေရဲ့ ပညာရေးအတွက် အသုံးပြုပါမယ်။ ဒါဟာ မေမေရဲ့ စိတ်အဝင်စားဆုံးထဲက တစ်ခုပါ။
ဒီဂုဏ်ယူထိုက်တဲ့ ဆုအတွက် Citizen of Burma အဖွဲ့ကြီးကို အထူးကျေးဇူးတင်ပါတယ်” လို့ ကိုထိန်လင်းက ပြောပါတယ်။
ဒါ့အပြင် နှစ် ၃၀ ကျော်ကြာ မြန်မာ့ဒီမိုကရေစီအိမ်မက်အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန် အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး စစ်အုပ်စုက အကျဥ်းချကာ ပြည်သူတွေနဲ့ခွဲပြီး သူ့အသံကိုတိတ်သွားစေဖို့ ကြိုးစားခဲ့ရဲ့ သူ့ရဲ့ စိတ်ဓါတ် ဝိညာဉ်အားကိုတော့ ချုပ်နှောင် မထားနိုင်ပါဘူးလို့ ကိုထိန်လင်းက ဆိုပါတယ်။
ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုတွေက နိုင်ငံရေး ရေစီးကို မျက်ခြေမပြတ်လိုက်ပါနေတဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေရဲ့ အသံတွေလည်း ဖြစ်တယ်လို့ အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝဏ္ဏက ဂုဏ်ပြုမှုပေးအပ်ပွဲအခမ်းအနားမှာ ပြောပါတယ်။
“ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့အချိန်ကနေ နိုင်ငံ့သမိုင်းရဲ့ အမှောင်ခေတ်တလျှောက်လုံးမှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသူတွေ၊ ကျွန်တော်တို့ နိုင်ငံသားတွေအတွက်သာမက လူ့ဘောင်လောကအတွက် စံပြဖြစ်တဲ့သူတွေ စဥ်ဆက်မပြတ် ပေါ်ထွန်းခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလိုလူတွေက ကျွန်တော်တို့နိုင်ငံရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒီလိုလူတွေက ပြည်တွင်းပြည်ပက လူတွေ ကျေးဇူးတင်နေရမယ့်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ အမွန်တမြတ်နဲ့ ဂုဏ်ယူရမယ့်သူတွေ၊ ဂုဏ်ပြုရမယ့်သူတွေဖြစ်ပါတယ်” လို့ ဦးကျော်ဝဏ္ဏက ပြောပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းဟာ မြန်မာပြည်မှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နွေဦးတော်လှန်ရေးပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ၊ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေကို ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုတွေအဖြစ် ရွေးချယ်ပေးအပ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုမတိုင်ခင်ကလည်း ကိုဗစ်-၁၉ ကာကွယ်ကုသရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတွေ၊ ဒေါက်တာရဲလွင်ဦးဆောင်တဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ မွတ်ဆလင်မ်ကုသိုလ်ဖြစ်ဆေးရုံ၊ မန္တလေးမြို့ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်နဲ့ လူပုဂ္ဂိုလ်တွေထဲကဆိုရင် ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်တို့လည်း ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှု ရရှိခဲ့ဖူးပါတယ်။
(ဓာတ်ပုံ – ZAM KHAT)