အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရှင်းလင်းခဲ့သည့် ဖြစ်စဥ်အတွက် စစ်အုပ်စု CCTV ရထားလည်း စိုးရိမ်စရာ​မရှိဟု Golden Valley Warriors ပြော

by

in

အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ရှင်းလင်းခဲ့သည့် ဖြစ်စဥ်အတွက် စစ်အုပ်စု CCTV ရထားလည်း စိုးရိမ်စရာ​မရှိဟု Golden Valley Warriors ပြော
မေ ၂၃၊ ၂၀၂၅

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ရှင်းလင်းသုတ်သင်ခံရတဲ့ ဗိုလ်မှူးချုပ် ချိုထွန်းအောင် ဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က CCTV မှတ်တမ်းရရှိသွားပေမယ့်လည်း ပြင်ဆင်မှုတွေ လုပ်ထားပြီးသားမို့ စိုးရိမ်စရာ မရှိဘဲ မဆိုင်တဲ့ပြည်သူတွေ ထိခိုက်မှာကိုသာ စိုးရိမ်ကြောင်း Golden Valley Warriors တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
မေလ ၂၂ရက် မနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ အေဝမ်းလမ်းပေါ်မှာ Golden Valley Warriors အဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး ဗိုလ်မှူးချုပ် ချိုထွန်းအောင်ဟာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိကာ မင်္ဂလာဒုံစစ်ဆေးရုံကိုပို့ဆောင်ကုသချိန် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်အတွက် အခင်းဖြစ်ပွားရာနေရာရဲ့ CCTV မှတ်တမ်းတွေရရှိထားကြောင်း စစ်အုပ်စု ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။
“စိတ်ပူစရာမရှိပါဘူး ခင်ဗျ ကျွန်တော်တို့က cctv အောက်မှာ အလုပ်လုပ်တာမို့ ဒီကောင်တွေ cctv ရမှာကို ကြိုသိထားပြီးသားဖြစ်ပါတယ် သူတို့ ထူးတလည်ရရှိသွားတာမျိုးတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ပြင်ဆင်မှုလည်း လုပ်ပြီးသားလို့ သိထားပေးပါ၊ ဒီလောက်ပါပဲ၊ မဆိုင်တဲ့ ပြည်သူတွေကို ကျွန်တော်တို့ပါဆိုပြီး လုပ်လိုက်မှာပဲ ကျွန်တော်တို့ ပြန်စိတ်ပူတာပါ”လို့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ အ​ငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ဟာ စစ်တပ်အရာရှိကြီးတွေသာ တက်ရောက်ရတဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (National Defense College-NDC) မှာ Internal Security & Counterterrorism (နိုင်ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကို သင်ကြားနေသူဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်မင်းအောင်လှိုင်ပေးအပ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်း ၂၀၂၃ ခုနှစ်မှာ ရရှိခဲ့သူဖြစ်ပြီး စစ်ခေါင်းဆောင် အားကိုးအကြံဉာဏ်ယူရတဲ့ ဗိုလ်ချုပ်ဟောင်းတွေထဲမှာလည်း ပါဝင်တယ်လို့ ဆိုကြပါတယ်။
ဒီအတွက် လက်ရှိမှာ အကြမ်းဖက်စစ်တပ်ကနေ အငြိမ်းစားယူထားပေမယ့် နေ့စဥ်ဖြစ်ပျက်နေတဲ့ လူမဆန်မှုတွေအတွက် စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူတွေကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် သုတ်သင်ခဲ့တာဖြစ်တယ်လို့ Golden Valley Warriors တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
ဗိုလ်မှူးချုပ် ချိုထွန်းအောင်ရဲ့ နာရေးကိုတော့ မေလ ၂၄ရက် (မနက်ဖြန်) မင်္ဂလာဒုံစစ်သချိုင်းမှာ ပြုလုပ်သွားမယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။