ဒုဗိုလ်မှူးကြီးဦးဆောင်သည့်အဖွဲ့က အများပြည်သူသုံးဘတ်စ်ကားများပေါ်တွင် CCTV တပ်ဆင်ထားမှု ရှိ ၊ မရှိစစ်ဆေးနေ
==========
စစ်ကောင်စီက ဖုန်းခေါ်ဆိုမှု၊ စာတိုပို့ပေးမှု နှင့် အင်တာနက်အသုံးပြုသူများကို Key Words များဖြင့် စောင့်ကြည့်
ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်
ရန်ကုန်မြို့တွင်းရှိအများပြည်သူသုံးဘတ်စ်ကားများပေါ်တွင် CCTV တပ်ဆင်ထားမှုအခြေအနေများကို ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူက ဦးဆောင်၍ အဖွဲ့ဖွဲ့ကာ စစ်ဆေးနေပြီး ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက်အသုံးပြုသူများကိုလည်း စစ်ကောင်စီက keywords စာလုံးများဖြင့် စောင့်ကြည့် ဖမ်းဆီးနေကြောင်းသိရသည်။
ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်ဆေးရုံကြီးရှေ့တွင် ယမန်နေ့ မေလ ၂၁ ရက်နေ့က ဒုတိယဗိုလ်မှူးကြီးဦးဆောင်သည့် စစ်ကောင်စီတပ်သားများ၊ ရဲများ နှင့် အထွေထွေအုပ်ချုပ်ရေးမှူး ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဘတ်စ်ကားများပေါ်တွင် CCTV တပ်ထားခြင်းရှိ၊မရှိနှင့် CCTV ကောင်း၊ မကောင်းစစ်ဆေးခြင်းများ ရှိကြောင်း သိရသည်။
“ မြို့တွင်းပတ်ကား YBS ၅၆ ကားကိုတားပြီးတော့ စစ်ဆေးတယ်။ စစ်ဝတ်စုံနဲ့ ဒုတိယဗိုလ်မှူးကြီးက CCTV တပ်ထားလား။ အလုပ်လုပ်လား။ မလုပ်လားမေးတယ်။ ကျန်တဲ့သူတွေက ကားထဲကို လိုက်ကြည့်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းထားသည့် လေးနှစ်အတွင်း ယခုနှစ်ပိုင်းတွင် စစ်ကောင်စီ၏ စောင့်ကြည့် ဖမ်းဆီးမှုပိုများလာပြီး ထိရှလွယ်သည့် key words စားလုံးများကို အသုံးပြု၍ အချိန်နှင့်အမျှ စောင့်ကြည့်နေနိုင်ကြောင်း Myanmar Internet Project တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“ သန်း ၅၀ ကျော်လူတွေထဲမှာ ငါ့ကိုစောင့်ကြည့်နိုင်မလားဆိုတဲ့အနေအထားကို ပြန်သုံးသပ် ရတော့မယ်။ သူတို့က key words စာလုံးနဲ့စောင့်ကြည့်ရေးအစီအစဉ်လုပ်ထားလို့ သူတို့သံသယရှိတယ် လို့ပစ်မှတ်ထားခံရသူသုံးတဲ့ ဖုန်းခေါ်ဆိုမှုတွေ မတ်ဆေ့ပို့တာတွေကနေစောင့်ကြည့်နေတဲ့ အခြေ အနေဖြစ်တယ်” ဟု Myanmar Internet Project တာဝန်ရှိသူက ပြောသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်နောင်ပိုင်းတွင် လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူမှု၊ CCTV နှင့် မြို့ပြဖိနှိပ်မှုများ၊ Blacklist စာရင်းများကို ဖော်ထုတ်ခြင်းအပါအဝင် ပင်ရင်း server ( တယ်လီကွန်၊ UID အစရှိသည့် နည်းပညာ) များချိတ်ဆက်ပြီးဖမ်းဆီးမှုများရှိကြောင်း Myanmar Internet Project အဖွဲ့ထံမှ သိရသည်။
“ အပြင်သွားရင်ထိရှလွယ်တဲ့အချက်အလက်တွေကို လုံခြုံတဲ့နေရာထားတာ ကျွန်တော်တို့အတွက် ပိုပြီးအသုံးဝင်ပါတယ်။ စောင့်ကြည့်နေတာကို အလွယ်ကူဆုံးကာကွယ်လို့ရတာ မရှိပါဘူး။ vpn ကနေစပြီး ကျွန်တော်တို့ နေ့စဉ်လှုပ်ရှားသွားလာမှု၊ နေ့စဉ် အင်တာနက်အသုံးပြုမှုတွေကို ဂရုစိုက်ပြီး ရှင်သန်ရမယ့်အနေအထားပါ” ဟု ယင်းအဖွဲ့မှ တာဝန်ရှိက သတိပေးပြောကြားသည်။
YBS ယာဉ်ပေါ်ရှိ ခါးပိုက်နှိုက်၊ လုယက်မှုများ CCTV ကင်မရာမှတစ်ဆင့်ဖော်ထုတ်သွားရန်အတွက် ၂၀၂၃ဇန်နဝါရီလမှ CCTV တပ်ဆင်ရန် စစ်ကောင်စီ၏ ရန်ကုန်အစိုးရအဖွဲ့က ညွှန်ကြားထားသော်လည်း YBS ယာဉ်များပေါ်တွင် ယနေ့အထိ ခါးပိုက်နှိုက်လုယက်မှု ကျူးလွန်နေသူများ ရှိသည်ကို တွေ့ရသည်။
ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ အင်တာနက်ပေါ်တွင်စစ်ကောင်စီဆန့်ကျင်ရေးဝေဖန်ရေးသူ ၄၅ ဦးအဖမ်းခံထားရပြီး ၂၀၂၄ ခုနှစ်တွင် ၃၇၄ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း Myanmar Internet Project အစီရင်ခံစာအရသိရသည်။
ထို့ပြင် ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၄ ဇူလိုင်လကုန်အထိ အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုမှုကြောင့် ၁၆၉၁ ဦးအဖမ်းခံရကြောင်း Data For Myanmar ထံမှ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်