■ အာရှပစိဖိတ်ဒေသသို့ နေတိုးအဖွဲ့ ဝင်ရောက်လာ၍ မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော
Western News| မေ ၁၉
အာရှပစိဖိတ်ဒေသသို့ နေတိုး NATO အဖွဲ့ဝင်ရောက်လာပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းက မြန်မာနိုင်ငံအတွက် စိုးရိမ်စရာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
မေလ ၈ ရက်နေ့က ရုရှားနိုင်ငံ RT TV Channel သတင်းဌာနနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တို့ တွေ့ဆုံမေးမြန်းမှုတွင် အာရှပဖိစိတ်ဒေသသို့ နေတိုးအဖွဲ့ ခြေဆန့်လာသည့်အပေါ် သဘောထားအား ဖြေကြားခဲ့ခြင်းဖြစ်သည်။
နေတိုးအဖွဲ့ အာရှပစိဖိတ်ဒေသသို့ ရောက်ရှိလာသောကြောင့် မြန်မာနိုင်ငံအနေဖြင့် အန္တရာယ်ရှိလာနိုင်သလားဟု မေးမြန်းမှုအပေါ် မင်းအောင်လှိုင်က စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
“အော် စိုးရိမ်တာတော့ အမှန်ပဲ။ ဘာမှလည်းမဆိုင်ဘူးလေ။ ဒီအရှေ့အာရှပစိဖိတ်ဒေသနဲ့ NATO က ဘာမှတော့မဆိုင်ပါဘူး။ ကျွန်တော်တို့တော့ စိုးရိမ်ပါတယ်။ ဘာမှလည်းမဆိုင်ဘူးလို့ ကျွန်တော်တော့ ပြောချင်တယ်” ဟု ဆိုသည်။
နေတိုး NATO အဖွဲ့ မှာ အာရှပစိဖိတ်ဒေသသို့ ဝင်ရောက်လှုပ်ရှားမှုက ပဋိပက္ခကို ပိုကြီးမားလာစေပြီး ငြိမ်းချမ်းရေးနည်းဖြင့် ဖြေရှင်းကြလိမ့်မည်ဟု ယူဆထားကြောင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောသည်။
“ဒီဒေသက အာရှပစိဖိတ်ဒေသဆိုတာ အာရှဆိုတာ ကုန်းမြေဒေသပေါ့။ ပစိဖိတ်ဒေသဆိုတော့ ကုန်းမြေဒေသနဲ့ ပင်လယ်ကမ်း၊ ပင်လယ်သမုဒ္ဒရာဒေသတွေ ပေါင်းစည်းထားတဲ့ နယ်မြေတစ်ခုပဲ။ ဘာပြောပြော မဟာဗျူဟာအရ အရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကို ငြိမ်းချမ်းစွာ လုပ်နိုင်မယ်ဆိုရင်တော့ ကမ္ဘာ့အတွက် အများကြီးအကျိုးရှိမယ့် လုပ်ငန်းတစ်ခုပါပဲ။ ဒါပေမယ့်လည်း အင်အားကြီးနိုင်ငံကနေပြီးတော့ ဥပမာအားဖြင့် ခုနကပြောတဲ့ထဲမှာ NATO တင် မဟုတ်ဘူးဗျ။ အိန္ဒိယတို့၊ ဩစတြေးလျတို့၊ ဂျပန်တို့၊ အမေရိကန်တို့ ပေါင်းစည်းပြီးတော့လည်း သူတို့ ဒီမှာ အင်အားထိန်းညှိဖို့အတွက် လုပ်နေတာလည်း ကျွန်တော်တို့တွေ့တယ်။ ဒါတွေက ပဋိပက္ခကို ပိုကြီးမားလာစေမယ်လို့ပဲ ကျွန်တော်တော့ မြင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းတဲ့နည်းနဲ့ပဲသွားတာတော့ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်ယူဆတယ်။ စိတ်ပူတာတော့ အမှန်ပဲ၊ စိတ်ပူတယ်” ဟု ပြောသည်။
အာရှပစိဖိတ်ဒေသတွင် အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိုရှန်းနီးယားတို့ပါဝင်ပြီး ကုန်းမြေနှင့် ပင်လယ်သမုဒ္ဒရာဒေသများကို ပေါင်းစည်းထားသော နယ်မြေတစ်ခုဖြစ်သည်။
မြောက်အတ္တလန္တိက်စာချုပ်အဖွဲ့ဟု ခေါ်သော NATO အဖွဲ့မှာ ဥရောပနှင့် မြောက်အမေရိက နိုင်ငံ ၃၁ နိုင်ငံ စစ်ရေးအရပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသော အဖွဲ့တစ်ခုဖြစ်သည်။
အမေရိကန်၏ ပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံအပေါ် ဖိအားပေးနိုင်ရန် NATO အဖွဲ့သည် အမေရိကန်၏ ဖိအားကြောင့် အာရှပစိဖိတ်ဒေသရှိ ထိုင်ဝမ်သို့ ခြေဆန့်လာသည်။
ယူကရိန်းပဋိပက္ခ ပို၍ပြင်းထန်လာသည်နှင့်အမျှ ဥရောပသည် အမေရိကန်၏ လုံခြုံရေး အာမခံချက်အပေါ် ပိုပြီးမှီခိုနေရပြီး အာရှ-ပစိဖိတ်ဒေသအတွင်းသို့ ဝင်ရောက်လာခြင်းသည်လည်း တရုတ်ကို အပြင်းထန်ဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ထားသည့် အမေရိကန်၏ ဖိအားကြောင့်ပင်သည်ဟု စစ်ရေးသုံးသပ်သူများက ပြောဆိုထားကြသည်။
NATO နေတိုးအဖွဲ့သည် တောင်တရုတ်ပင်လယ်သို့ စစ်သင်္ဘောများ စေလွှတ်ခြင်းနှင့် ထိုင်ဝမ်ရေလက်ကြား၌ ရွက်လွှင့်ခြင်းတို့ဖြင့် အာရှ-ပစိဖိတ်ဒေသအတွင်းတွင် လှုပ်ရှားမှုများ ပိုလုပ်လာကြောင်း သိရသည်။
တရုတ်နှင့် ထိုင်ဝမ်ကြား အကျိုးစီးပွားပြဿနာထဲသို့ နေတိုးအဖွဲ့ ဝင်ရောက်လာပြီး အမေရိကန်အတွက် တရုတ်အား ဖိအားပေးနိုင်ရန် ရှုပ်ထွေးသော ပဋိပက္ခကြီးတစ်ခုကို ဖန်တီးနေသည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။
နေတိုးအဖွဲ့အနေဖြင့် ဥရောပတွင် ကမောက်ကမ အခြေအနေဖြစ်စေရန် ဖန်တီးပြီးဖြစ်ကြောင်းနှင့် အာရှပစိဖိတ်ဒေသကို မထိခိုက်စေသင့်တော့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ဇူလိုင်လ ၂ ရက်တွင် ပြောဆိုထားသည်။
“NATO တပ်ဖွဲ့က ဥရောပဒေသမှာ ကမောက်ကမဖြစ်အောင် လုပ်ထားပြီးပါပြီ။ အဲဒီအတွက် အာရှ-ပစိဖိတ်ဒေသကိုတော့ မထိခိုက်စေသင့်တော့ပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားခြင်းဖြစ်သည်။
တရုတ်နှင့် မြန်မာသည် အိမ်နီးနားချင်း နိုင်ငံဖြစ်သည့်အပြင် လက်ရှိ အာဏာသိမ်း စစ်ကောင်စီနှင့်လည်း တရုတ်အစိုးရတို့သည် ဆက်ဆံရေးကောင်းမွန်နေ၍ နေတိုးအဖွဲ့၏ တရုတ်အပေါ် ဖိအားသည် မြန်မာနိုင်ငံအတွက်လည်း အကျိုးသက်ရောက်မှု ရှိသည်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စိုးရိမ်သည်ဟု ပြောဆိုလာခြင်းဖြစ်သည်။
#WesternNews #WN #အာရှပစိဖိတ်ဒေသ #နေတိုးအဖွဲ့ #တရုတ် #မြန်မာ #စစ်ကောင်စီ #စိုးရိမ်မှု