မြန်မာနယ်စပ်တွင် အိန္ဒိယတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တမူး ပကဖ အဖွဲ့ဝင် ၁၀ ဦးကျဆုံးသွား၍ NUG ထံ အကြောင်းကြားထား

by

in

မြန်မာနယ်စပ်တွင် အိန္ဒိယတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တမူး ပကဖ အဖွဲ့ဝင် ၁၀ ဦးကျဆုံးသွား၍ NUG ထံ အကြောင်းကြားထား
ဧရာဝတီတိုင်းမ်
(တမူး)၊မေ ၁၉ ရက်

အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့နယ်အနီးရှိ မှတ်တိုင် ၅၉ အနီးတွင် အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ အဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
တမူး ပကဖ ထိန်းချုပ်နယ်မြေ စခန်းတစ်ခုတွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က စစ်ဆင်ရေး ဆောင်ရွက်နေသည့် အိန္ဒိယအာသံရိုင်ဖယ်တပ်ဖွဲ့တို့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပကဖ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပွားတဲ့နေရာက တမူးမြို့နယ်အောက်ပိုင်း ပကဖ ထိန်းချုပ်နယ်မြေထဲက စခန်းတစ်ခုမှာ ဖြစ်သွားတာပါ။ ပကဖ စခန်းက နယ်စပ်မှာဆိုပေမယ့် မြန်မာပြည်ခြမ်းမှာ ချထားတဲ့စခန်းပါ။ အခုပစ်ခတ်ခံရတာလည်း မြန်မာပြည်ခြမ်းမှာဖြစ်သွားတာ”ဟု တမူးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားသည့် နယ်စပ်မှတ်တိုင် ၅၉ သည် နှစ်နိုင်ငံနယ်စပ် အငြင်းပွားမှုဖြစ်ပွားခဲ့သည့် နေရာမဟုတ်သလို နယ်စပ်အငြင်းပွားမှုဖြစ်သည့်နေရာသည် တမူးမြို့နယ်အထက်ပိုင်း နယ်စပ် မှတ်တိုင် ၈၂ နှင့် ၈၃ ကြားတွင် ဖြစ်ကြောင်း သိရသည်။
“ပစ်ခတ်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းတော့ မသိရသေးပေမယ့် နယ်စပ်အငြင်းပွား မှုတော့ မဟုတ် နိုင်ဘူး ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နယ်မြေအငြင်းပွားမှုဖြစ်တာက တမူးမြို့နယ်အောက်ပိုင်း မှတ်တိုင် ၈၂ နဲ့ ၈၃ ကြားမှာဖြစ်တာ။ ဒါကလည်း နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းလို့ ပြေပြေ လည်လည်ဖြစ်သွားပြီ။ ပြီးတော့ နယ်စပ်နဲ့ပတ်သက်လို့ မနက်ဖြန် ထပ်တွေ့ဆုံဖို့ ချိန်းထားသေးတယ်။ အခုပစ်ခတ်မှုဖြစ်တာက တမူးမြို့နယ်အထက်ပိုင်း မှတ်တိုင် ၅၉ မှာဖြစ်တာပါ။ အဲ့ဒီနေရာက နယ်စပ် အငြင်းပွားမှုဖြစ်တဲ့နေရာမဟုတ်ဘူး”ဟု တမူးမြို့နယ်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ တမူး ပကဖ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံ စာတင်ထားပြီးဖြစ်သည့်အတွက် လတ်တလောတွင် ဖြေကြားနိုင်မည်မဟုတ်ကြောင့် တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အိန္ဒိယအခြေစိုက် သတင်းမီဒီယာများတွင်မူ အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်၊ ချန်ဒယ်လ်ခရိုင် အတွင်း အာသံရိုင်ဖယ်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ဖော်ပြထားသည်။
သေဆုံးသူများသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ဖြုတ်ချခံခဲ့ရသည့် လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူများဖြင့် ဖွဲ့စည်းထားသည့် NUG အစိုးရ လက်အောက်ခံတပ်ဖွဲ့ဝင် များဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အိန္ဒိယစစ်တပ်က AK-47 ခုနစ် လက်၊ RPG လောင်ချာ တစ် လက်၊ M-4 ကာဘိုင် တစ် လက်၊ ရိုင်ဖယ် လေး လက်နှင့် ကျည်မျိုးစုံတို့ကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုထားသည်။
ဓာတ်ပုံ-အိန္ဒိယသတင်းဌာနများ