အထွေထွေထိုးစစ် ပြည်လုံးကျွတ်တိုက်ပွဲဖြစ်လာပါက ပြည်သူများတတ်နိုင်သည့်ဘက်က ပါဝင်ကြရန် ဦးမင်းကိုနိုင် တိုက်တွန်း
▪️စစ်ကောင်စီ၏ဗဟိုချက် ဘက်ပေါင်းစုံက ဝိုင်းတိုက်နေသည်ဆိုသည့်အသိ ပေးမည်ဟုဆို
မေ ၁၇၊၂၀၂၅။ဟန်နွေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်သည့် အထွေထွေထိုးစစ် ဖြစ်လာပါက ပြည်သူများပါဝင်နိုင်သည့်အခြေအနေမှ ပါဝင်ရန် ယခုကတည်းက စဉ်းစားထားကြရန် ၈၈မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမင်းကိုနိုင်က တိုက်တွန်းသည်။
မေလ ၁၆ရက်မှ ဇွန်လကုန်အထိ ပြုလုပ်မည့် ပေါင်းစုရုန်းညီအောင်ပွဲဆီ ဒို့ပြန်လာပြီ ဧရာ၀တီ ကမ်ပိန်းဖွင့်ပွဲ အခမ်းအနားတွင် ဦးမင်းကိုနိုင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကမ်ပိန်းသည် ဧရာ၀တီတိုင်းစစ်ဌာနအောက်ရှိ ဗျူဟာ ၊ တပ်ရင်း၊ တပ်ဖွဲ့စစ်ကြောင်းများ၏ လိုအပ်ချက် များကို ထောက်ကူရန် ရံပုံငွေ ကျပ်သိန်း ၇၀၀၀ ရရှိရေး ရည်မှန်းထားခြင်းဖြစ်သည်။
” ဒီကမ်ပိန်းသာမက ဒီလှုပ်ရှားမှုအပြင် အထွေထွေထိုးစစ် ပြည်လုံးကျွတ်တိုက်ပွဲတွေ ဖြစ်လာတဲ့အချိန်မှာ ငွေကြေးသာမက သတင်း ပေးနိုင်တာ ထမင်းကျွေးနိုင်တာစောင့်ရှောက် နိုင်တာ ဝင်ပြီးတော့ ဘာလုပ်နိုင်သလဲဆိုတဲ့ အချက်တွေ အခုကတည်းက တွေးထားပါ”ဟု ဦးမင်းကိုနိုင်က ပြောသည်။
အထွေထွေထိုးစစ်လာမည်ကို ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကြေညာထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
” ရန်သူကို သိပါစေဆိုပြီး ဗြောင်ဖွင့်ပြီး တော့ ကြေညာတဲ့ ရင်ဆိုင်ကြရမယ့် ကိစ္စပေါ့။ အဲဒီအခါကျရင် တပြည်လုံးအတိုင်းအတာအနေနဲ့ ဟန်ချက်ညီဖို့ပါပဲ”ဟု ဦးမင်းကိုနိုင်က ပြောသည်။
ရန်သူ စစ်ကောင်စီကိုယ်တိုင်း သိပြီးဖြစ်သည့် အချက်အလက်ဖြစ်သော လမ်းပိုင်းများကို တော်လှန်ရေးတပ်များစိုးမိုးနိုင်ခဲ့၍ အရေးကြီးသည့် ပစ္စည်းများသယ်ယူခြင်း အပါအဝင် တော်လှန်ရေး အောင်မြင်ရေး အထောက်အကူများ ရရှိခဲ့ဟု ပြောသည်။
” လမ်းပိုင်းတွေရဲ့ စိုးမိုးနိုင်မှုကိုပြောရင်လည်း ဒီတော်လှန်ရေးအောင်ဖို့အတွက် အလုံးစုံစစ်ပွဲ ဒါတွေအောင်ဖို့အတွက် အရေးပါတဲ့ကဏ္ဍတွေဖြစ်နေတယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။
စစ်အာဏာရှင် ဖြုတ်ချနိုင်ရေးမှာ တစ်စုတစ်ဖွဲ့ကောင်းတိုက်၍ မရကြောင်းလည်း ရှင်းပြသည်။
” မြစ်ထဲချောင်းထဲက ဖြတ်ပြီး တက်တဲ့သူက တက်မယ်။ တောင်ပေါ်က ဆင်းတဲ့သူက ဆင်းမယ်။ ကမ်းရိုးတမ်းကနေ ထိုးတဲ့သူက ထိုးမယ် စသဖြင့်ပေါ့ ဒီလို ဗျူဟာကျကျ တိုက်နေနိုင်ကြဖို့ လိုတယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။
ယခု လှုပ်ရှားမှုများသည် နေရာဒေသ တစ်ခုအတွက်မဟုတ်ဘဲ ပြည်ထောင်စု တခုလုံးအတွက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
” ပြည်ထောင်စုတခုလုံးအတွက် အရေးကြီးတဲ့ တိုက်ပွဲတွေကို အဲဒီစစ်ကောင်စီရဲ့ နေပြည်တော်နဲ့ပဲ ပြောပြော မန္တလေးဂွင်လိုပဲဆိုဆို အဲဒီနေရာကနေကြည့်လိုက်ရင် ၃၆၀ဒီဂရီကနေ ဝိုင်းတိုက်နေပြီဆိုတဲ့ အသိကိုကျနော်တို့ပေးမယ်”ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ဧရာ၀တီတိုင်း လွတ်မြောက်ရေး တိုက်ပွဲဝင်နေသည့် PDF ရဲဘော်များနှင့်အတူ ရှိနေပေးရန် တိုက်တွန်းသည်။
လက်ရှိတွင် လူငယ်များက PDFအဖြစ် ခံယူပြီး အသက်နှင့်ဘ၀ရင်း တိုက်ပွဲဝင်နေချိန် တော်လှန်ပြည်သူများကလည်း ချွေးနည်းစာမှ ဖြစ်နိုင်သမျှ ထောက်ပံ့ရင်း တော်လှန်ရေးခရီးကို အတူတကွ ဖြတ်သန်းနေခြင်းဖြစ်ဟု ဝန်ကြီးက ပြောသည်။
” ဒီတော်လှန်ရေး အောင်ပွဲရဲ့ရလဒ်က အင်မတန် ကြီးကျယ်ခမ်းနားပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံအတွက် ခေတ်သစ်စနစ်သစ်သမိုင်းသစ်ကို ဖန်တီးနေတဲ့ တော်လှန်ရေးပါ။ ကျနော်တို့ အားလုံးရင်းနှီးရကျိုးနှပ်ပါလိမ့်မယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
တော်လှန်ရေးရဲဘော်များအတွက် အားထားရာမှာ တော်လှန်ပြည်သူများသာရှိ၍ “ဧရာ၀တီတိုင်းလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် PDF ရဲဘော်များနှင့်အတူ ဧရာ၀တီတိုင်းနှင့် မြန်မာပြည်တဝှမ်းက တော်လှန်ပြည်သူများအားလုံး အတူတကွ ဆက်ရှိပေးကြရန် ဝန်ကြီးက တိုက်တွန်းနှိုးဆော်ခဲ့သည်။
