AA ထောက်ပံ့ရေးအဖွဲ့ဝင်များကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိဟု စစ်ကောင်စီက သတင်းလိမ်လည် ထုတ်ပြန်နေပြီး စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာတွင် AA ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် ဇာတ်လမ်းဆင် ဖန်တီးနေဟု ခိုင်သုခ ပြော
ရန်ကုန်၊မေ ၁၈
ပြည်တွင်းတွင် AA ထောက်ပံ့ရေးအဖွဲ့ဝင်များကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်မှုများသည် လိမ် လည်မှုသာဖြစ်ပြီး စစ်တပ်က ၎င်းတို့ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် နိုင်ငံတကာတွင် AA ၏ ဂုဏ်သိက္ခာညိုးနွမ်းစေရန် ရည်ရွယ် ချက်ရှိရှိ ဇာတ်လမ်းဆင် ဖန်တီးနေခြင်းဖြစ်ကြော်ငး AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။
ဧပြီလနှင့်မေလအတွင်း မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ တန်ဖိုးအားဖြင့် ငွေ ကျပ် ၂၈၂ ဒဿမ ၃၂၅ ဘီယီယံခန့်ကို ဖမ်းဆီးရရှိပြီး ပါဝင်ပတ်သက်သူ ၂၆ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရရှိသူများတွင် အာရက္ခတပ်တော် (AA )၏ ထောက်ပံ့ရေးအဖွဲ့ဝင်ပါဝင်ကြောင်း စစ်ကောင်စီက ယမန်နေ့ သတင်းထုတ်ပြန်ခဲ့သည်။
AAကို မူးယစ်ဆေးဝါးနှင့်ပတ်သက်သည်ဟု စစ်တပ်က မကြာခဏဆိုသလို စွပ်စွဲမှုများကို လုပ်ဆောင်လေ့ရှိကြောင်း၊ လက်ရှိကာလတွင် စစ်တပ်က ဒီယဲယင်းမှ လူမမယ်ကလေးငယ်များကို သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ အဆိုပါ စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် AA ကို လုပ်ကြံဖန်တီးစွပ်စွဲခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လောင်းကစား၊ မူးယစ်ဆေးဝါး၊ ကျားဖြန့် အမှုများကို စစ်ကောင်စီနှင့် ဗိုလ်ချုပ်ကြီးများကသာ ထိန်းချုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ခိုင်သုခက ပြောဆိုသည်။
“ဒီကိစ္စကတော့ အကြမ်းဖက် စစ်တပ်ရဲ့ အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးတဲ့ စွပ်စွဲချက်တွေပဲဖြစ်ပါတယ်။ ကျနော်တို့နဲ့ လုံး၀ ဆက်စပ်မှုမရှိပါဘူး။ ခင်ဗျားတို့လည်း အားလုံးသိတဲ့အတိုင်းပဲ မြန်မာပြည်မှာ မူးယစ်ဆေးဝါး၊ လောင်းကစား၊ ကျားဖြန့် လိမ်လည်မှုတွေအားလုံး ကို ထိန်းချုပ်လုပ်ကိုင်နေတာက မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်ကောင်စီ ဗိုလ်ချုပ်ကြီးတွေပဲဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်သူတစ်ရပ်လုံးသိသလို နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း သိတဲ့ကိစ္စဖြစ်ပါတယ်။ အခုလည်းပဲ ဒီရက်ပိုင်းမှာ ခင်ဗျားတို့ သတိထားမိမှာပေါ့။ အကြမ်းဖက်စစ်ကောင်စီက ဒီပဲယင်းဘက်မှာ လူမမယ်ကလေးငယ်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ကျနော်တို့ အာရက္ခဒေသမှာလည်းပဲ အပြစ်မဲ့ပြည်သူတွေ နေတဲ့နေရာတွေကို ဘာ တိုက်ပွဲမှဖြစ်ပွားတာမရှိဘဲနဲ့ ၃ ရက်ဆက်တိုက် ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို ဦးတည်ပြီးတော့မှ ပစ်မှတ်ထား အစုလိုက် အပြုံလိုက် သေကြေအောင် လေကြောင်းကနေ လာရောက်ပစ်ခတ်တဲ့ ဒီကြီးမားတဲ့ စစ်ရာဇဝတ်မှုတွေကို မြန်မာပြည်အနှံ့မှာ ဆက်လက်ကျူးလွန်တာရှိတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီက ဒီလိုကြီးမားတဲ့ သတ်ဖြတ်မှုတွေ စစ်ရာဇဝတ်မှုတွေကို ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို သူတို့ ဖုံးကွယ်ဖို့အတွက် ကျနော်တို့ ULA AA ကို မတရားလုပ်ကြံစွပ်စွဲတာသာဖြစ်ပါတယ်” ဟု ခိုင်သုခက ပြောဆိုသည်။
စစ်ကောင်စီက AA ကို မူးယစ်ဆေးဝါးမှုဖြင့် ဆက်စပ်သည်ဟု စွပ်စွဲနေခြင်းများကို ကြည့်လျှင် တစ်ပုံစံတည်း ဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ AA က သိမ်းပိုက်ထားသော နယ်မြေများ ကျယ်ပြန့်လာသဖြင့် ကုလသမဂ္ဂနှင့်နိုင်ငံတကာ အပါအဝင် အိမ်နီးချင်းနိုင်ငံများက AA ကို ဆက်ဆံလာမည့်အရေးကို စစ်တပ်က မလိုချင်၍ ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်မှုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဒီလိုမျိုး အရင်ကလည်းပဲ အကြိမ်ကြိမ်စွပ်စွဲဖူးပါတယ်။ စွပ်စွဲချက် အကြိမ် ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း သူတို့ ဇတ်လမ်းဆင်တာတွေ အားလုံးက တစ်ပုံစံတည်းဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ လုပ်နေကြ၊ လုပ်ကြံဖန်တီးနေကြ ဇတ်လမ်းတွေသာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ နယ်မြေထိန်းချုပ်မှု ကျယ်ပြန့်လာတဲ့ ULA/AA ကို ကုလသမဂ္ဂနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်ပြုဆက်ဆံဖို့ ကြိုးစားလာတဲ့အချိန်နဲ့ကိုက်ပြီးတော့ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီက ကျနော်တို့ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုမျိုး နိုင်ငံရေးအောက်လုံးတွေသုံးပြီးတော့ မတရားလုပ်ကြံ တိုက်ခိုက်လာတာဖြစ်ပါတယ်” ဟု ခိုင်သုခက ဆိုသည်။
လက်ရှိတွင် AA နှင့် စစ်ကောင်စီတပ်များက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက ကျောက်ဖြူကို လက်မလွှတ်ရစေရေးအတွက် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်အင်အားဖြည့်တင်းမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း AA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
