ခြံအမှတ် ၅၄ ရောင်းထွက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက လေလံဈေး သတ်မှတ်ခိုင်း

by

in

ခြံအမှတ် ၅၄ ရောင်းထွက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက လေလံဈေး သတ်မှတ်ခိုင်း
ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

ခြံအမှတ် ၅၄ လေလံဈေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေသတ်မှတ်ပေးဖို့ ဦးအောင်ဆန်းဦးရဲ့ တင်ပြချက်ဟာ လုပ်ထုံးနဲ့မညီကြောင်း ရှေ့နေတွေက တရားရုံးကိုပြန်လည်တင်ပြထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) ကို လေလံဈေးအကြိမ်ကြိမ်သတ်မှတ်၍ ဈေးလျော့ ရောင်းနေသော်လည်း ရောင်းမထွက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ကြမ်းခင်းဈေး သတ်မှတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ရှေ့နေအဖွဲ့ကို တောင်းဆိုထားကြောင်း သိရသည်။
ဦးအောင်ဆန်းဦးသည် ပြီးခဲ့သည့် မေ ၁၅ ရက်နေ့က ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လေလံဈေးသတ်မှတ်ပေးရန်ကိစ္စနှင့်ပတ်သက်ပြီး လျှောက်ထားမှုပြုလုပ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ကလည်း ခုချိန်ထိတွေ့ခွင့်မရဘူး။ တရားရှုံးတဲ့ ဒေါ်အောင်ဆန်းစု ကြည်က လေလံဈေးသတ်မှတ်ပေးရမယ်ဆိုတာကလည်း ထုံးစံမရှိဘူး။ အဲဒါကို အခုလာမယ့်ရုံးချိန်းမှာ အမိန့်တစ်ခုချမှတ်ဦးမယ်ဆိုတော့ လွန်လွန်းသွားပြီ” ဟု ရှေ့နေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ခြံအမှတ် (၅၄) ကို ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့တွင် ဦးအောင်ဆန်းဦးက လျှော့ဈေးဖြင့် လေးကြိမ်မြောက် လေလံတင်ရောင်းချပွဲတွင် တင်ပြရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိဘဲ လေလံပွဲပျက်သွားကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နေထိုင်သည့် ခြံအမှတ် (၅၄) ကို တရား နိုင်ဖြစ်သူ ဦးအောင်ဆန်းဦးဘက်က လေလံဈေးအကြိမ် ကြိမ်သတ်မှတ်ပြီး ရောင်းချ နေခြင်းဖြစ်သည်။
ဦးအောင်ဆန်းဦးသည် လေးကြိမ်မြောက် လေလံမအောင်မြင်သည့်အတွက် လေလံဈေးကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သတ်မှတ်ပြီး ရောင်းချပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ထံ တင်ပြလာခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူကဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံအမှတ် (၅၄) ကို ပထမ အကြိမ်က လေလံကြမ်းခင်း ဈေး ကျပ် ၃၁၅ ဘီလီယံ၊ ဒုတိယအကြိမ်တွင် ကျပ် ၃၀၀ ဘီလီယံ၊ တတိယအကြိမ်တွင် ကျပ် ၂၉၀ ဘီလီယံနှင့် နောက်ဆုံးအကြိမ်တွင် ကျပ် ၂၇၀ ဘီလီယံ အသီးသီးဈေးလျှော့၍ ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကို ဦး‌အောင်ဆန်းဦးတင်ပြသည့် အဆိုနှင့်ပတ်သက်ပြီး လာမည့် မေ ၂၂ ရက်နေ့ ရုံးချိန်းတွင် တရားရုံးမှ ကြားဖြတ်မိန့်တစ်ရပ် ချမှတ်သွားရန်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – Asia News (ပုံဟောင်း)
#ခြံအမှတ်၅၄ #ရောင်းထွက်ရန် #လေလံဈေး #ဦးအောင်ဆန်းဦး #ဒေါ်အောင်ဆန်းစုကြည် #သတ်မှတ်ခိုင်း #Ayeyarwaddy_Times