AA နှင့် PDF ရောက်နေသော ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ
———————
AA ၏ ထိုးစစ် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့အနီးထိ ရောက်ရှိနေပြီး စစ်ကောင်စီကလည်း တန်ပြန်ထိုးစစ်ဆင်နေသည်ဟု AA ပြောခွင့်ရသူက ဆိုသည်။
ရခိုင်ရိုးမနှင့်ထိစပ်နေသော ပဲခူးအနောက်ခြမ်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းထဲပါ AA က PDF များ အပါအဝင် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်များနှင့်အတူ စစ်ရေး လှုပ်ရှားနေသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့ဘက်မှနေ၍ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာကာ သာပေါင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်များတွင် စစ်မျက်နှာ ဖွင့်ထားသည်။
ပုံစာ- မတ်လအတွင်း ရခိုင်ဒေသ၌ မိုင်းရှင်းလင်းရေးလုပ်နေသော AA တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-APM)
ရခိုင်ရိုးမနှင့်ဧရာဝတီတိုင်းနယ်စပ် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အနီး ယမန်နေ့ (မေ ၁၅) မှ စတင်ပြီး အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ပူးပေါင်းတပ်များသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပုသိမ်-မုံရွာကားလမ်းဘေးရှိ အမှတ် (၅) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက – ၅) နှင့် ၈ မိုင်ကျော်အကွာ ပိန္နဲကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။
ရခိုင်ရိုးမနှင့် ထိစပ်နေသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစု နှင့် ပန်းတောကြီးကျေးရွာများကို AA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် လေးမျက်နှာမြို့မြောက်ဘက် အင်္ဂပူမြို့နယ်ရှိ ကျေးရွာများဘက်အထိ တိုက်ပွဲများ ရောက်လာသည်။
“ချိန်ကိုက်ကွင်းဆိုတဲ့ ရွာထဲထိကို PDF က စိုးမိုးထားတယ်။ ကားလမ်းရဲ့အရှေ့ဘက်ကို ဝင်လာတယ်။ တစ်ခုက သေချာတာကတော့ ရေကြည်ဘက်နားကနေပြီးတော့ မြန်အောင်၊ ကြံခင်းဘက်တွေ အထိ AA, PDF ပူးပေါင်းတပ်တွေက ရခိုင်ရိုးမ အတိုင်းမှာ ရှိနေတယ်” ဟု ဒုက္ခသည်အရေးအကူအညီပေးနေ သူ အမျိုးသားတစ်ဦးက ပြောသည်။
“ငလျင်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အပစ်အခတ်ရပ်လိုက်တော့ နည်းနည်းလေးငြိမ်သွားတာ။ အဲဒီ မတိုင် ခင်တုန်းကဆိုရင် (AA,PDF) တကယ်တိုက်တာက တအားမြန်တယ်။ ပုံသိမ်-မုံရွာလမ်းဘက်ကို တစ်ရက် ကို ၁၀ မိုင်နှုန်းနဲ့ ဆင်းလာကြတာ”
ရခိုင်ရိုးမနှင့် ထိစပ်နေသည့် ပုသိမ်-မုံရွာ ကားလမ်းအနီးရှိ ပန်းတောကြီးရွာကို ယခုလ အစောပိုင်းတွင် သိမ်းပိုက်ခဲ့ပြီးနောက် အင်္ဂပူမြို့နယ်ရှိ ဘဲ့ပြားကုန်း၊ စမကုန်း၊ ချိန်ကိုက်ကွင်း၊ ပိန္နဲကွင်းရွာများအထိ တိုက်ပွဲဖြစ်လာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ပန်းတောကြီးကနေပြီးတော့ မြန်အောင်ဘက်ကို ဆင်းလာပြီ။ ပိန္နဲကွင်းနားအထိကို ဆင်းလာပြီ။ AA နဲ့ PDF တွေက ရခိုင်ရိုးမဘက်ခြမ်း ပုသိမ်-မုံရွာကားလမ်းဟိုဘက်ခြမ်းမှာနေတယ်။ အဲဒီဘက်ကနေ အထိုင်ယူပြီးတော့ တိုက်တယ်။ ဒီရက်ပိုင်းမှာကတော့ ကားလမ်းကိုကျော်ပြီး ဒီဘက်ပိုင်းကိုပါ ရောက်လာတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
AA နှင့် မဟာမိတ်တပ်များ၏ ထိုးစစ်ကို ရင်မဆိုင်နိုင်သည့် စစ်ကောင်စီတပ်သား ရာဂဏန်းခန့်သည် ဆုတ်ခွာထွက်ပြေးလာပြီး ပိန္နဲကွင်းရွာရှိ စေတနာပန်းခင်း ဘုန်းကြီးကျောင်းတွင် အမြောက်တပ် ထိုင်ပြီး တပ်စွဲထားသည်ဟု ၎င်းက ဆက်ပြောသည်။
“ရွာထိပ်မှာ စစ်တပ်က အမြောက်နဲ့ နေရာယူထားတယ်။ ပိန္နဲကွင်းကနေပြီးတော့ ချိန်ကိုက်ကွင်း ဆိုတဲ့ ရွာကို ပစ်နေတာ။ တိုက်ပွဲတွေက ပုသိမ်-မုံရွာလမ်း အရှေ့ဘက်ထိကို ရောက်လာတာ။ စေတနာပန်းခင်း တောရ ဘုန်းကြီးကျောင်းနားလေးမှာ ထိုင်နေတာ”
အမှတ် (၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တကက-၅) မှာ ကွင်းကောက်မြို့ အနီးတွင် တည်ရှိပြီး စစ်မှုထမ်းတပ်သားသစ်များကို စစ်သင်တန်းပေးနေသည့် လေ့ကျင့်ရေးကျောင်း တစ်ခု ဖြစ်သည်။
ရခိုင်ရိုးမနှင့် ထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို မေ ၁၄ ရက်နေ့က ပြောထားသည်။
“ ဧရာဝတီတိုင်းဘက်မှာလည်း အကြမ်းဖက်စစ်ကောင်စီက ကျွန်တော်တို့ရှိတဲ့နေရာဖက်တွေကို ထိုးစစ် ဆင်လာတဲ့အတွက်ကြောင့်မို့ အဲဒီဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ ရှိတယ်” ဟု သူက ဆိုသည်။
“ ကျွန်တော်တို့ကတော့ အပစ်အခတ်ရပ်စဲထားတဲ့အတွက်ကြောင့်မို့လို့ စစ်ကောင်စီရှိတဲ့နေရာကို ကျွန်တော်တို့က သွားပြီး ထိုးစစ်ဆင်တာ မရှိဘူး။ ကျွန်တော်တို့ဘက်က ထိုးစစ်တွေကို ရပ်ထားတယ်။ ဒါပေမဲ့သူတို့ဘက်က လာပစ်လို့ရှိရင် ကျွန်တော်တို့ကလည်း ခုခံတိုက်ခိုက်ရတဲ့အနေအထားရှိတယ်”
ဧရာဝတီတိုင်း အင်္ဂပူ၊ လေးမျက်နှာအကြားရှိ ရွာများတွင် AA ပူးပေါင်းအဖွဲ့ များတိုက်ပွဲဖော်မှုကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာပြေးနေရကြောင်း စစ်ကောင်စီဝါဒဖြန့် အွန်လိုင်းစာမျက်နှာတချို့က မတ်လဆန်းတွင် ရေးသားခဲ့ကြသည်။
ဂွ-ငါးသိုင်းချောင်းလမ်း
ယခုနှစ်ဆန်းပိုင်းတွင် ဂွမြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် AAနှင့် ပူးပေါင်းတပ်ဖွဲ့က ဧရာဝတီတိုင်းအတွင်း ရွေ့လျားလာရာ ပုသိမ်မြို့နယ်၊ မကျီးဇင် နှင့်ဘောမိကျေးရွာရှိ စစ်စခန်းတို့ကို ဇန်နဝါရီလအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်းကို ဝဲမှယာ ဖြန့်ကျက်ပြီး ရခိုင်ရိုးမတလျှောက် ရေကြည်၊ သာပေါင်း ၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂပူ နှင့် မြန်အောင်မြို့များအထိ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ရေကြည်မြို့နယ်၊ မြောက်စမ်းရွာအနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ကို ယခု နှစ်ဆန်း မှ စပြီး ပူးပေါင်းတပ်က ထိုးစစ်ဆင်နေရာ စစ်ကောင်စီတပ်က လေကြောင်း၊ စက်တပ် လေထီးနှင့် ဒရုန်းများ အသုံးပြုကာ အပြင်းအထန် ခုခံနေသည်။
AA နှင့် နီးစပ်သည့် စစ်ရေးအရင်းအမြစ်တစ်ဦးကလည်း အမြောက်တပ် (၃၄၄) အနီး ကာကင်းစခန်း ၂ ကို သိမ်းပိုက်နိုင်ခဲ့သည်၊ စစ်ကောင်စီတပ်က ရေကြည်၊ သာပေါင်းနှင့် လေးမျက်နှာမြို့နယ်များတွင် လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်ရာ အရပ်သားရှိသည့် နေရာများ ထိခိုက်နေသည်ဟု ပြောသည်။
“အ.မ.တ ၃၄၄ ရဲ့ ကာကင်းစခန်း တချို့ကို သိမ်းပိုက် ထားတာရှိတယ်။ ကာကင်းစခန်း တချို့ဆိုပေမဲ့ ၃၄၄ တပ်တစ်ခုလုံးကို ဖိအားပေး တိုက်ခိုက်နိုင်တဲ့ အခြေအနေမှာရှိတယ်။ မကျည်းပင်ကွင်းကျေးရွာနဲ့ အဲ့ဒီအနီးနားက ကျေးရွာ တွေမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပါရာမိုတာနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်” ဟု ၎င်းက ဆိုသည်။
စစ်ရှောင်ဒုက္ခသည် တိုးလာ
စစ်ကောင်စီလေတပ်က ရန်သူတပ်စွဲနိုင်သည်ဟု ၎င်းတို့ ယူဆသည့် ကျေးရွာများကို တိုက်ခိုက်နေသည်၊ ဂွ-ငါးသိုင်းချောင်း၏ ဝဲ နှင့် ယာဘက်ရှိ သာပေါင်း၊ ရေကြည် ၊ လေးမျက်နှာ ၊ အင်္ဂပူမြို့နယ်များရှိ ကျေးရွာများတွင် နေ့စဉ်တိုက်ပွဲများဖြစ်နေပြီး ဒေသခံ သောင်းနှင့် ချီပြီး စစ်ရှောင်နေရသည်။
မတ် ၁၈ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လေတပ်က လေးမျက်နှာမြို့နယ်ရှိ ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစု၊ ပန်းတောကြီး ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မေ ၁၄ ရက်နေ့တွင် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုး အင်အား ဖြည့်တင်းနေ ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်က စစ်ကြောင်းထိုး ဝင်ရောက်လာရာ ပုသိမ်-မုံရွာလမ်း အရှေ့ဘက်ရှိ ဘဲ့ပြားကုန်း ၊ စမကုန်း ၊ ပိန္နဲကွင်း ၊ တောင်ဇင်း ၊ စသည့်ရွာများမှ ဒေသခံ ထောင်ချီပြီး စစ်ဘေးရှောင်နေရသည်ဟု စစ်ရှောင်အကူအညီပေးနေသည့် Ayarwaddy Youth Union အဖွဲ့က တာဝန်ခံက ပြောသည်။
“ပုသိမ်-မုံရွာလမ်းမတန်းကို အခြေပြုပြီး ဖက်ဆစ်တပ်က ပြည်သူ့စစ်တွေနဲ့ ပေါင်းပြီး ကင်းလှည့် တာ လူထုကို မထင်ရင်မထင်သလို ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတယ်။ ဖုန်းတွေယူစစ်တာ ဆိုင်ကယ် တားပြီး ငွေတောင်းတာတွေပါ လုပ်နေတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် လေတပ်က ၂၀၂၅ ဇန်နဝါရီလမှ မေလအတွင်း ရေကြည်နှင့် လေးမျက်နှာမြို့နယ်များကို အကြိမ် ၂၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၅ ဦး သေဆုံးပြီး ၇၀ ခန့် ဒဏ်ရာ ရှိခဲ့သည်၊ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ခြိမ်းခြောက်ဖမ်းဆီးမှုများလည်း ကျူးလွန်နေသည် ဟု ၎င်းက ဆက်ပြောသည်။
“ငဝန်မြစ်ကမ်း လေးမျက်နှာအနောက်ဘက်ခြမ်း အောက်စု၊ လယ်ဦးစု၊ လှည်းထောက်ကွင်း ၊ ရေသိုးချောင်း စတဲ့ ရွာတွေကို ဖြတ်လေးဖြတ်သဘော လုပ်နေတာရှိတယ်။ အစားအသောက် ဆေးဝါးသယ်တာတွေ စီးပွားရေးလုပ်ငန်းတွေအတွက် ကုန်စည်သယ်ဆောင်ရာမှာတွေမှာ ထောက်ခံစာလုပ်ခိုင်းတာတွေအထိ ပါရှိတယ်”
AA သည် ရခိုင် ၁၄ မြို့နယ်နှင့် ချင်း ၁ မြို့နယ်ကို သိမ်းထားပြီး ရိုးမနှင့်ထိစပ်နေသော ရခိုင်ပြင်ပဒေသ များတွင်ပါ စစ်ရေးလှုပ်ရှားနေသည်။