အာရှလမ်းမကြီးပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်းကွပ်ကဲရေးတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်
မေ ၁၄၊၂၀၂၅။ဒီးဒီ/People’s Spring
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း နောက်တန်းကွပ်ကဲရေးတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(မေလ ၁၄ရက်)တွင် သိမ်းပိုက်ရရှိခဲ့သည်။
ကော့ကရိတ်မြို့နှင့် (၂)မိုင်ကျော်အကွာရှိ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်းကွပ်ကဲရေးတပ်စခန်းအား အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDFပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
” ဒီမနက်လဲ နေရာတစ်ခုထပ်ရတယ်။ အာရှလမ်းပေါ်က ကော့ကရိတ်အနီးတစ်နေရာပါ”ဟု လူထုနွေဦး၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှုရှိသည်ဟုလည်း ၎င်းက ပြောသည်။ သို့သော် စစ်ကောင်စီတပ် သေဆုံးမှုအရေအတွက်နှင့် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိမှုအပေါ် ပြောဆိုခြင်း မရှိပေ။
၂၀၂၄ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် “အောင်ဇေယျစစ်ဆင်ရေး” ဟုအမည်ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။
လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း တစ်နှစ်ကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။
ထိုသို့ပိတ်မိနေသူများအား အင်အားဖြည့်တင်းရန် အောင်ဇေယျစစ်ကြောင်း၏ နောက်တန်းကွပ်ကဲရေးတပ်စခန်းအဖြစ် ကော့ကရိတ်မြို့အထွက် အာရှလမ်းမကြီးပေါ်တွင် စစ်ကြောင်းစတင်ထိုးသည့် ၂၀၂၄ ဧပြီကတည်းက အထိုင်ချတပ်စွဲထားခဲ့သည်။
အဆိုပါ နောက်တန်းတပ်စခန်းအား KNLA၊PDFပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များက မေလ ၁၃ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ယနေ့(မေလ ၁၄ရက်) နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဟု လူထုနွေဦး၏ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဒေါနတောင်ပေါ်ကတော့ ငြိမ်သွားပြီ။ ပိတ်ဆို့ထားလိုက်ပြီ။ အောက်ဘက်မှာတော့ ပွဲအတော်လေးကြမ်းနေတယ်”ဟု ကော့ကရိတ်ဒေသရှိ PDFရဲဘော်တစ်ဦးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၆)နယ်မြေရှိ ကော့ကရိတ်မြို့ဝန်းကျင်နှင့် ကော့ကရိတ်မြို့မှ ဒေါနတောင်ပေါ် တောနောရေတံခွန်အထိ နေရာယူထားသော အောင်ဇေယျစစ်ကြောင်းအား KNLA၊PDFပူးပေါင်းတပ်များက အပိုင်းလိုက်ဖြတ်တောက်ထားပြီး ယခုလပိုင်းအတွင်း အဆိုပါနေရာများတွင် နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။
ကော့ကရိတ်မြို့တောင်ပိုင်းနှင့် မြောက်ပိုင်း နေရာများတွင် တိုက်ပွဲပြင်းထန်နေပြီး ကော့ကရိတ်နှင့် ကျုံဒိုးမြို့လမ်းပိုင်း တလျှောက်တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီတတိယအပတ်အတွင်းကလည်း ကော့ကရိတ်မြို့အဝင်ရှိ စစ်ကောင်စီ၏ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အနီးတွင် တိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့သည်။ အဆိုပါနေရာအနီးရှိ စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းကိုလည်း KNLA၊PDFပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်။
ထို့အပြင် ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ် − ကျုံဒိုးလမ်းပိုင်းတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များက အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီစခန်းအချို့အား သိမ်းပိုက်ထားသည်ဟု လူထုနွေဦး၏ အခြားသတင်းရင်းမြစ်က ပြောသည်။
ကော့ကရိတ် − ကျုံဒိုးလမ်းပိုင်းရှိ သုံးတိုင်၊လေးတိုင်၊ငါးတိုင် စသည့်နေရာများရှိ စစ်ကောင်စီစခန်းများအား သိမ်းပိုက်ရရှိထားပြီး ကျုံဒိုးမြို့အနီးရှိ ကိုးတိုင်၌ စစ်ကောင်စီက ခံစစ်ပြင် ခုခံနေသည်ဟု ဆိုသည်။
တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်မြို့တွင် စစ်ကောင်စီက မြို့ခံပြည်သူတစ်ထောင်ကျော်အား ဓားစာခံအဖြစ် ထိန်းထားပြီး မြို့ပြင်သို့ထွက်ခွင့်မပေးတော့ပေ။ KNLA၊PDFပူးပေါင်းတပ်များသည် ကော့ကရိတ်မြို့ဝန်းကျင်အား ပိတ်ဆို့ထား၍ မြို့သိမ်းတိုက်ပွဲဖြစ်လာသည့်အပေါ် ကြောက်လန့်နေသည့် စစ်ကောင်စီက မြို့နေပြည်သူများအား ဓားစာခံအဖြစ် ပိတ်ဆို့ထားခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။
ကော့ကရိတ်မြို့ရှိ မြို့မဘုန်းတော်ကြီးကျောင်း ဆရာတော်က ပြည်သူများအား ထွက်ခွာခွင့်ပေးရန် စစ်ကောင်စီထံ တောင်းဆိုသော်လည်း စစ်ကောင်စီက လက်မခံကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ကော့ကရိတ်ဒေသ၌ စစ်ကောင်စီတပ်သား အများအပြား အလင်းဝင်လာနေကြောင်းလည်း စုံစမ်းသိရသည်။
ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ ဒီဇင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးလတာတိုက်ခိုက်ပြီးနောက် မြို့၏ ၇၀ရာခိုင်နှုန်းအထိ တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာ၌သာ စုဝေးနေရသည်။ ကျန်အပိုင်းများကို PDFများက ထိန်းချုပ်ထားခဲ့သည်။
သို့သော် ၂၀၂၄ ဧပြီလပိုင်းတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့၍ တော်လှန်ရေးတပ်ဖွဲ့များက မြို့တွင်းမှ ဆုတ်ခွာပေးခဲ့ရသည်။
သို့သော် ၂၀၂၅ ဖေဖော်ဝါရီကစ၍ တော်လှန်ရေးတပ်များက ကော့ကရိတ်မြို့ဝန်းကျင်ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာရာမှ နေ့စဉ်တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
(စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော ကော်ဘရာစစ်ကြောင်း(၂)၏ ရဲဘော်အချို့အား တွေ့ရစဉ်၊ ကော့ကရိတ်နှင့် ဒေါနတောင်ကြား တိုက်ပွဲဖြစ်ရာနေရာပြမြေပုံနှင့် အောင်ဇေယျစစ်ကြောင်းရောက်ရှိ ပိတ်မိနေသော တောနောရေတံခွန်နေရာပြမြေပုံ။ ဓာတ်ပုံ – PKYY – Cobra Column – တပ်ခွဲ ၂၊Info-PS)