တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ KNU သိမ်းယူ
မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။
တာလယ်ဗျူဟာစခန်းကို KNU က အပြီးသတ်သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ဝန်းကျင်သေဆုံးသလို ၂၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
KNU ဘက်ကလည်း တပ်မဟာ (၇)လက်အောက်ခံ တပ်ရင်း (၁၀၁) က တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးတယ်လို့သိရပါတယ်။
ဘားအံခရိုင် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ တပ်မဟာ (၇) စစ်ရေးလှုပ်ရာနယ်မြေထဲက တာလယ်ကျေးရွာအနီးမှာရှိတဲ့ ဗျုဟာစခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တို့က မေလ ၉ ရက်က စတင်တိုက်ခိုက်နေတာပါ။
ထိုင်းနယ်စပ်အနီးက တခေါဘီခွီးစခန်းကို သိမ်းယူလိုက်တဲ့ မေလ ၉ ရက် ညပိုင်းမှာ ပဲ တာလယ်ဗျုဟာစခန်းကို KNU က တပါတည်း တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ တာလယ်ဗျုဟာစခန်းဟာအဲဒီ ဒေသတွင်းမှာ အကြီး ဆုံးစခန်းလည်းဖြစ်ပါတယ်။
တိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်ဘက်ကလည်း စခန်းလက်မလွှတ်ရဖို့ နေ့စဉ်နီးပါး လေကြောင်းကနေ ပစ်ကူပေးပြီး ခုခံခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေကြောင့် တာလယ်ကျေးရွာ ဒေသခံရွာသူ၊ရွာသားတွေ ရွာလုံးကျွတ် နီးပါး ထိုင်းဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
တာလယ်စစ်ဗျူဟာစခန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ သတ်မှတ်ချက်အရ ဘားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ ပိုင်ကျုံမြို့မှာ ရှိပြီး အဲဒီ ဒေသထဲ က ထိုင်းနယ်စပ်အနီးရှိ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်းတွေကို အခုနှစ်အတွင်း KNU ကဆက်တိုက်ဆိုသလို သိမ်းယူထားပါတယ်။
တာလယ်ဗျုဟာစခန်းကျပြီးနောက်မှာ ပိုင်ကျုံ နယ်မြေမှာ မော်ဖိုးခီ(မော်ဖိုးကေ)၊ မယ်လ နဲ့ နော်တရာတောင်စခန်းတို့ ပဲ ကျန်ရှိပါတော့တယ် ။
လက်ကျန်တပ်စခန်းတွေဆီ စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ကူ မလွှတ်နိုင်တော့ဘဲ လေကြောင်းပစ်ကူကိုသာပေးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အသိပေးပါတယ်။
ထိုင်းနယ်စပ်အနီးက တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်တာမရှိပါဘူး။
(တာလေဗျုဟာစခန်းတည်နေရာ Google Earthတွင်ကိုတွေ့ရပုံ/ ထိုင်းစစ်တပ်က လုံခြုံရေးမြှင့်ထားပြီး နယ်စပ်အနီးတိုက်ပွဲကိုစောင့်ကြည့်နေစဥ်။ ။ဓါတ်ပုံ-Khaosod )