မင်းလှနယ်မှစစ်တပ်စခန်းတစ်ခုစွန့်ခွာထွက်ပြေး၍ PDFများရှင်းလင်း
■မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်သေဆုံးဟုဆို
မေ-၁၁၊၂၀၂၅။ကဖေး/People’s Spring
မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအားရှင်းလင်းနိုင်ခဲ့ပြီး မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် နှစ်လနီးပါးကြာ
မြင့်သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၅ဦးခန့် သေဆုံးကြောင်းသာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊P2 3803(Myanmar Defense Force)က သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့အကြား ဧပြီလမှစ၍ စစ်ရေးတင်းမာခဲ့ပြီးနောက် ဧပြီလ ၂၂တွင် ရန်ကုန်-ပြည်လမ်းပေါ်ရှိ ၅၃ထမင်းဆိုင်တွင် ထမင်းစားသောက်နေသည့် စ-စ်ကောင်စီတပ်သားများအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့သေဆုံးခဲ့သည်။
ထို့အပြင် ဧပြီ ၂၂ ရက်နေ့တွင်ပင် သာဝတီခရိုင် အမှတ်(၃)တပ်ရင်း၏စနိုက်ပါတပ်စိတ်က စစ်တပ်
မှ သာယာဝတီခရိုင်မှူး လိုက်ပါလာသည့်ယာဉ်တန်းအား ပစ်ခတ်ရာ ခရိုင်မှူး၏ လက်အောက်
ငယ်သား ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုနောက်ဧပြီလ ၂၇ရက်တွင်အင်အား ၇၀ခန့်ပါ စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးပြီးနောက် လက်နက်များသိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။
ဒေသတွင်း၌ မကြာခဏတိုက်ခိုက်ခံရပြီးနောက်
မေလ ၈ရက်တွင် စစ်ကောင်စီတပ်မှ အင်အား ၁၃၀ခန့်ပါ စစ်ကြောင်းသည် မင်းလှမြို့နယ်၊စမ်းဘုတ်ကျေးရွာတပ်စခန်းမှ အင်အား ၄၀ ခန့်နှင့် စစ်တပ် ထောက်တိုင် မိသားစုတချို့အားပြန်လည်ကယ်ထုတ်သွားခဲ့သည်ဟုဆိုသည်။
အဆိုပါစခန်းအား မေလ ၁၀ရက်တွင် သာယာဝတီခရိုင်အမှတ် (၁)တပ်ရင်း ၏တပ်ခွဲ(၆) ဧရာညီ
နောင်PDF ၊သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်း
၏ တပ်ခွဲ(၂)၊တပ်ခွဲ(၃)၊သာဝတီခရိုင် အမှတ်(၃)
တပ်ရင်း/MDF ၊ပဲခူးခရိုင် အမှတ်(၁)တပ်ရင်း၏ တပ်ခွဲ(၅) နှင့် Asho Chin Defense Force
-ACDF ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးစေရေးအတွက် ဗျူဟာကျကျဆောင်ရွက်ခဲ့ကြသည်ဟုကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စမ်းဘုတ်ကျေးရွာတပ်စခန်းသည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသတွင်းပြည်သူများအား ပေါ်တာဆွဲခြင်း၊ ဒေသတွင်းပြည်သူများ၏ စား
နပ်ရိက္ခာ အခက်အခဲဖြစ်ရန် ပိတ်ဆို့တားဆီး
ငွေညှစ်ခြင်း ၊ပစ္စည်းသိမ်းယူခြင်းများ ပြုလုပ်နေသည့် စခန်းဖြစ်ကြောင်းသာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းကထုတ်ပြန်ထားသည်။
နှစ်လနီးပါးကြာမြင့်သည့်တိုက်ပွဲများတွင် စစ်တပ်မှ အနည်းဆုံး ၂၅ဦးခန့် သေဆုံးပြီးစစ်ကောင်စီစစ်ကြောင်းများက ကျေးရွာ ၄ရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။ထို့အပြင် ကျေးရွာ ၂၁ရွာခန့် ရှိ ပြည်သူ ထောင်ချီ၍ စစ်ဘေးရှောင်ခဲ့ရကြောင်း သိရသည်။
ပဲခူးတိုင်း အနောက်ခြမ်း၊သာယာဝတီခရိုင်အတွင်းရှိပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ အခိုင်အမာ တူးထားကြရန်၊လေယာဉ်သံ နှင့် သတင်းများကို အဆက်မပြတ် သတိထားရန်၊ ရပ်သူ ရွာသားအချင်းချင်း ရိုင်းပင်းစောင့်ရှောက် ကူညီကြရန်၊
၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ လတ်
တလော အခြေအနေ လိုအပ်ချက် အရ ထုတ်ပြန်၊ဆောင်ရွက်မှုများတွင် လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကာကွယ်ရေးရဲဘော်များ၏ စစ်ရေးလှုပ်ရှားမှုသတင်းများကို လျှို့ဝှက်ထားကြရန်၊လုံခြုံရေးဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမေတ္တာရပ်ခံထားသည်။
(စစ်တပ်က စွန့်ခွာထွက်ပြေးသွားသော မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုPDF များရှင်းလင်းစဥ်။ဓါတ်ပုံ-MDF)