စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိနေပြီး အနီးစခန်းလေဆိပ် အကြီးစားပြင်ဆင်မှု လုပ်ငန်းတွေကို ကွပ်ကဲဖို့ဖြစ်နိုင်တယ်လို့ ဒေသ PDF တွေက ပြောပါတယ်။
မေ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီဒုတိယခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြင်ဦးလွင်ကို ရောက်ရှိလာတယ်လို့ မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ခရီးစဉ်ရည်ရွယ်ချက်ကို အသေးစိတ်မသိရပေမဲ့ ပြင်ဦးလွင်၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်နေတဲ့ အကြီးစားပြင်ဆင်မှုတွေကို ကွပ်ကဲဖို့နဲ့ စစ်တက္ကသိုလ်တွေကို ဗျူဟာတကျကွပ်ကဲဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။
မတ္တရာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဦးတိုးက “ပြင်ဦးလွင်ကို မနေ့ကညနေ ၃ နာရီကျော်ကျော်လောက်မှာ စိုးဝင်းရောက်နေတယ်။ နောက် မအလ ဆက်ရောက်ဖို့ရှိတယ်။ ဘယ်နေ့ရောက်မလဲမသိဘူး။ ရုရှားအပြန်မှ ရောက်မလားတော့ မသိဘူး။ ပြင်ဦးလွင်ကို ဘာလုပ်ဖို့လာလဲဆိုတော့ အဲဒီဟာကို အကြောင်းရင်းမသိရဘူး။ သိတာက ၄ ရက်နေ့ကတည်းက သိနေတာ၊ ဒီကောင်လာမယ်ဆိုရင် အဲဒီမှာ ကြိုတင်ပြင်ဆင်တာတွေ ရှိနေတယ်လေ။ အနီးစခန်းမှာ သူတို့ လေယာဉ်ထားတဲ့နေရာတွေဆောက်နေတယ်ဗျ။ အဆောက်အဦတွေ၊ လေယာဉ်ကွင်းကို တိုးချဲ့တည်ဆောက်တဲ့သဘော ရှိတယ်။ အဲဒါကြာပြီ၊ ငလျင်ဖြစ်ပြီးကတည်းကလေ၊ အနီးစခန်းလေယာဉ်ကွင်းမှာ။ ငလျင်ပြန်လည်ထူထောင်ရေးလို့ ခေါင်းစဉ်တပ်ပြီးတော့ အနီးစခန်းမှာ အကြီးအကျယ်လုပ်တာလေ၊ တံတားဦးလေဆိပ်နဲ့အပြိုင် တည်ဆောက်တာပဲ။ ဒီ ဧပြီလ ၄ ရက် ၅ ရက်လောက်ကတည်းကပဲ။ ၆ ရက်နေ့ ညနေ ၃ နာရီခွဲမှာတော့ နန်းတွင်းထဲကို ကားအစီး ၃၀ ဝင်တာရှိတယ်။ အဲဒါက အလက်မပါဘူး။ ၂၇ စီးက အင်အားပြည့်၊ ၃ စီးက ပစ္စည်းတွေ၊ အဲဒီဟာတွေက ငလျင်ကယ်ဆယ်ရေးတွေမှာ ပြန်ပြီး နေရာချထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ယုံလို့မရဘူး။ ကျန်တဲ့နေရာတွေကိုလည်း အင်အားပို့ချင်ပို့မှာပဲ၊ ဘယ်တွေပို့လဲဆိုတာ ဆက်လိုက်လို့မရဘူး” လို့ ပြောပါတယ်။
မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေကို မေ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး မေ ၈ ရက် မနက်အစောပိုင်းကတည်းက မတ္တရာမြို့နယ်အတွင်းမှာ မြေပြင်ထိတွေ့မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ဦးတိုးက “ဒီနေ့မနက် ၆ နာရီ ၅၀၊ မတ္တရာမြို့နယ်အရှေ့ခြမ်း ဘိုကုန်းရွာ၊ တိုက်ပွဲပြင်းထန်၊ Y12 နဲ့ ဗုံးသီးလာချတာ ၂၅ လုံး၊ ဂျက်ဖိုက်တာနဲ့က ၄ လုံးရှိပြီတဲ့၊ အခု ဝဲနေတုန်း၊ အောက်မှာ ဆော်နေတယ်တဲ့။ (–) တွေက အဲဒီမှာ အစောကြီးကတည်းက ရှိတယ်လေ၊ ဆီတိုင်းကန်တို့ ကျောက်တံတားတို့၊ မတ္တရာမြို့ထဲမှာ ရှိတယ်လေ။ အင်အားဖြည့်ထားတာတောင် ၃ ရက်လောက် ရှိပြီမှတ်တယ်၊ အခု ဒီနေ့ဖြစ်နေပြီနော်၊ လက်ရှိဖြစ်နေဆဲ” လို့ ပြောပါတယ်။
မေ ၇ ရက် ညပိုင်းက စဉ့်ကူးမြို့နယ်၊ ကြို့ပင်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
မေ ၆ ရက်တုန်းက ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ-သရက်ကိုင်း စစ်ကောင်စီအထိုင်စခန်းတွေက မတ္တရာမြို့နယ်အရှေ့ခြမ်း လမိုင်းရွာနဲ့ မကျီးကုန်းရွာအကြားက ဆပ်ပြာကျင်းအရပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့ပါတယ်။
မေ ၆ ရက်မှာပဲ တောင်သာမြို့နယ်ထဲက သဘင်ကန်ရွာနဲ့ ဇရပ်ကြီးရွာတွေကို ပါရာမော်တာ ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၈၀ ကျော် သက်ကြီးအမျိုးသမီးတယောက် ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့ပါတယ်။
မေ ၆ ရက်နေ့မှာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မလယ်ကျေးရွာအနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၂ ယောက်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်ဒဏ်ရာရမှုတွေဟာ ဒီထက်ပိုများနိုင်ပြီး DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။