မေလကုန်ထိ အပစ်ရပ်မည်ဟု စစ်ကောင်စီထုတ်ပြန်
ဂျူချန်း
မဇ္ဈိမ။ ။ ငလျင်ဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန် နှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန် မေလ ၆ ရက် နေ့မှ ၃၁ ရက်နေ့ထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားမည်ဟု စစ်ကောင်စီက ယနေ့ (မေလ ၆ ရက်)တွင် ထုတ်ပြန်သည်။
၎င်းတို့ အပစ်ရပ်ထားသည့်ကာလတွင် ဆက်သွယ်ရေးလမ်းကြောင်းများကို တိုက်ခိုက်ခြင်း၊ တပ်စခန်းများ၊ တပ်ဌာနချုပ်များကို တိုက်ခိုက်ခြင်း၊ အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ ဆောင်ရွက်ပါက တုံ့ပြန်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် စစ်ကောင်စီသည် ဧပြီ ၂ ရက်မှ ၃၀ ရက်နေ့ထိ ယာယီအပြစ်ခတ်ရပ်စဲကြောင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း အရပ်သားများရှိရာ ဒေသများကို လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာသည့် ဧပြီ ၂ ရက်က စ၍ တိုက်ခိုက်မှု ၁၇၂ ကြိမ်ရှိခဲ့ပြီး ယင်းအနက် ၇၃ ကြိမ်သည် ငလျင်ဘေးသင့် ဒေသတွေများတွင် ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးရုံး မှ ဧပြီ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ဧပြီလ ၂ ရက်မှ ၁၈ ရက်အတွင်း စစ်ကောင်စီသည် တရက်လျှင် ပျမ်းမျှ လေယာဉ် သို့မဟုတ် ဒရုန်းတိုက်ခိုက်မှု ၉ ဒသမ ၇ ကြိမ်ပြုလုပ်ခဲ့ရာ ထိုကာလအတွင်း လူ ၁၀၅ ဦး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း – သန့်ဇော်(သန်လျင်)
#MizzimaNewsBurmese
