“တစ်နှစ်အတွင်း အခွန်ဘဏ္ဍာ ကျပ် ၄၇၀ ဘီလီယံကျော်နဲ့ ရွှေ ၁၇ပိဿာခန့် NUG ရရှိ၊ ကျောက်မဲဆေးရုံအပါအဝင် မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ၊ စကခ ၂၁ အပါအဝင် ဗန်းမော်က စစ်ကောင်စီတပ်ရင်းတွေကို KIA အပြင်းအထန်တိုက်ခိုက်၊ ပြည်သူတွေရဲ့ထောက်ခံမှုကြောင့် PDF တွေက စစ်ကောင်စီတပ်ကို အကောင်းဆုံးတိုက်ခိုက်နိုင်ကြောင်း NUG ပြော”

by

in

“တစ်နှစ်အတွင်း အခွန်ဘဏ္ဍာ ကျပ် ၄၇၀ ဘီလီယံကျော်နဲ့ ရွှေ ၁၇ပိဿာခန့် NUG ရရှိ၊ ကျောက်မဲဆေးရုံအပါအဝင် မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ၊ စကခ ၂၁ အပါအဝင် ဗန်းမော်က စစ်ကောင်စီတပ်ရင်းတွေကို KIA အပြင်းအထန်တိုက်ခိုက်၊ ပြည်သူတွေရဲ့ထောက်ခံမှုကြောင့် PDF တွေက စစ်ကောင်စီတပ်ကို အကောင်းဆုံးတိုက်ခိုက်နိုင်ကြောင်း NUG ပြော”

ဒီနေ့ မေ ၅ ရက်နေ့အတွက်

တစ်နှစ်အတွင်း အခွန်ဘဏ္ဍာ ကျပ် ၄၇၀ ဘီလီယံကျော်နဲ့ ရွှေ ၁၇ပိဿာခန့် NUG ရရှိ
စိုးမိုးထိန်းချုပ်နယ်မြေတွေကနေ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်အတွင်း သတ္တု၊ ကျောက်မျက်၊ သစ်တောကဏ္ဍတို့ကနေ လေလံနဲ့ ဒဏ်ကြေးငွေ ကျပ် ၄၇၂ ဘီလီယံအပြင် ရွှေ ၁၇ပိဿာခန့် ရရှိကြောင်း NUG က ဒီနေ့ အသိပေးပါတယ်။
NUG ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ရက်မှာ အစိုးရ ၄နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာမှာ ဖော်ပြအသိပေးခဲ့တာပါ။
NUG ရရှိတဲ့ ရွှေ ၁၇ ပိဿာခန့်ကို ၂၀၂၄ရဲ့ ပြည်တွင်းရွှေစျေးနှုန်းတွေအရ ကျပ်သိန်း ၆၀ ဝန်းကျင်နဲ့ တွက်မယ်ဆိုရင် ကျပ် ၁၀ ဘီလီယံခန့် ရရှိမှာဖြစ်ပါတယ်။
ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေတဲ့ ဒေသတွေမှာလည်း ကျွဲ၊ နွား အခွန်ဘဏ္ဍာကောက်ခံရာမှာ ၂၀၂၃နိုဝင်ဘာကနေ ၂၀၂၄ စက်တင်ဘာအထိ စုစုပေါင်း ကျပ် ၃၃ ဘီလီယံကျော် ကောက်ခံနိုင်ခဲ့တယ်လို့ NUG က ဆိုပါတယ်။
ဒါ့အပြင် စွမ်းအင်ကဏ္ဍ၊ ရေနံနဲ့ ရေနံထွက်ပစ္စည်း လုပ်ငန်းတွေကနေလည်း ၂၀၂၂ ဒီဇင်ဘာကနေ ၂၀၂၄ ဒီဇင်ဘာအထိ အခွန်ဘဏ္ဍာ စုစုပေါင်းကျပ် ၁၀၀ ဘီလီယံကျော်ရရှိပြီး တော်လှန်ရေးအတွက် လိုအပ်တဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဖြည့်ဆည်းပေးနေတယ်လို့ NUG က အသိပေးပါတယ်။
“စစ်အာဏာရှင်ကို တော်လှန်ဦးဆောင်နေတဲ့အဖွဲ့အစည်းက အခွန်ငွေ ချပြလာတာကို ကြိုဆိုတယ်။ စာရင်းစစ်နဲ့ စိစစ်ပြီး တိကျတဲ့ကဏ္ဍ အလိုက်ခွဲဝေ စီးဆင်းမှုတွေပါရင် ပိုကောင်းတယ်”လို့ စစ်ကိုင်းတိုင်းက တော်လှန်ရေးထောက်ပို့တစ်ဦး မှတ်ချက်ပြုပါတယ်။
NUG ရရှိတဲ့ အခွန်ငွေတွေ ပြန်လည် စီးဆင်းရာမှာ အဂတိလိုက်စားမှု ဒါမှမဟုတ် အားနည်းချက်တွေ ရှိနေတယ်လို့ မကွေးတိုင်းက ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦး မှတ်ချက်ပြုပါတယ်။
NUG ဟာ ဘဏ္ဍာရန်ပုံငွေရဲ့ ၉၄ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာ အသုံးပြုထားကြောင်းလည်း မေလ ၃ရက်က အသိပေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြေပြင်မှာ စစ်ရေးဖော်ဆောင်နေတဲ့ တပ်ဖွဲ့ဝင်တချို့က ဝေဖန်ကြသလို စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူအချို့ကလည်း ဘဏ္ဍာရန်ပုံငွေရဲ့ ၉၄ရာခိုင်နှုန်း စစ်ရေးမှာ သုံးတယ်ဆိုတာကို မဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။
လက်တွေ့မြေပြင်မှာ လက်နက်နဲ့ စစ်အသုံးစရိတ်မလုံလောက်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။
NUG ကတော့ တော်လှန်ရေးကာလဖြစ်တဲ့အလျှောက် လက်နက်၊ ခဲယမ်းရရှိရေး၊ ဘဏ္ဍာရန်ပုံငွေရရှိရေးမှာ လိုအပ်ချက်နဲ့ စိန်ခေါ်မှုတွေရှိပေမယ့် တော်လှန်လူထုရဲ့ ပူးပေါင်းပါဝင် ထောက်ပံ့မှု၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဝန်းရံကူညီမှုတို့နဲ့ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနေတယ်လို့ ပြောထားပါတယ်။
====
ကျောက်မဲဆေးရုံအပါအဝင် မြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ
တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ဆေးရုံနဲ့ နေရာတချို့ကို စစ်ကောင်စီတပ်က ဒီမနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီမနက် ၁၁နာရီကနေ ၁၁နာရီ မိနစ် ၂၀အတွင်း မြို့ပေါ်နေရာ သုံးခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
TNLAကလည်း ကျောက်မဲမြို့ ရပ်ကွက် ၂ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဒီမနက်ပိုင်းမှာ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မနက် ၁၁နာရီ ၁၅ မိနစ်အချိန်မှာ တစ်ကြိမ်၊ ၁၁နာရီ ၂၀မိနစ်အချိန်မှာ တစ်ကြိမ် ပေါင်(၂၅၀) ဗုံး နှစ်လုံး လာရောက်ဗုံးကြဲချခဲ့ကြောင်း၊ ဗုံးကွဲတာကြောင့် နေအိမ် နှစ်လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြပါတယ်။
စစ်ကောင်စီ ပြန်တောင်းနေတဲ့ မြို့တွေကို ပြန်ပေးမှာ မဟုတ်ဘဲ လူထုဆန္ဒနဲ့အညီ စီမံဆောင်ရွက်သွားမယ်လို့ TNLAက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့တဲ့နောက် စစ်ကောင်စီက ကျောက်မဲမြို့ကို ဗုံးကြဲခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ မေလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မိုးကုတ်နဲ့ နောင်ချိုမြို့နယ်အတွင်း လေကြောင်းဗုံးကြဲမှုတွေ နေ့စဥ်ရက်ဆက် ပြုလုပ်ခဲ့တယ်လို့ TNLA က ဖော်ပြပါတယ်။
ဒါ့အပြင် PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကိုလည်း စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာနဲ့ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ အရပ်သားပစ်မှတ်ထား ဗုံးကြဲတာ စတဲ့လုပ်ရပ်တွေပြုလုပ်နေတယ်လို့ အသိပေးပါတယ်။
တရုတ်အစိုးရရဲ့ ကြားဝင်စီစဥ်မှုအရ စစ်ကောင်စီနဲ့ TNLAတို့ဟာ အပစ်ရပ်စဲဖို့ ဧပြီ ၂၈ရက်နဲ့ ၂၉ရက်တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။
====
စကခ ၂၁ ဌာနချုပ်အပါအဝင် ဗန်းမော်က စစ်ကောင်စီတပ်ရင်းတွေကို KIA အပြင်းအထန်တိုက်ခိုက်နေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က အပြင်းအထန် တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့တပတ်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
KIOထိန်းချုပ်နယ်မြေက တပတ်အတွင်း စစ်ရေးအခြေအနေတွေကို မနေ့ ညပိုင်းက အသိပေးခဲ့တာပါ။
KIAပူးပေါင်းတပ်ဟာ ဧပြီ ၂၅ရက်နေ့မှာ ဗန်းမော်မြို့အတွင်း ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလ ၄ရက်အထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြင်းအထန် ခုခံနေကြောင်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ်(၄၇)ခြေလျင်တပ်ရင်း၊ ဆေးတပ်ရင်း၊ ထောက်ပို့တပ်နဲ့ အင်ဂျင်နီယာတပ်ရင်းတွေမှာ အပြင်းအထန်တိုက်ပွဲဖြစ်နေတယ်လို့ KIAက အသိပေးပါတယ်။
ဒါတင်မကဘဲ ဖားကန့်မြို့နယ် KIA တပ်မဟာ (၉) တပ်ရင်း(၂၆)၊ တပ်ရင်း(၄၄) နယ်မြေတွေမှာလည်း ဧပြီ ၂၂ရက်ကစလို့ စစ်ကောင်စီနဲ့ SNA ပြည်သူ့စစ်အဖွဲ့တွေဟာ မြေပြင်ထိုးစစ်သာမက လေကြောင်းနဲ့ပါ ထိုးစစ်ဆင်လာပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
မေလ ၁ရက်နေ့မှာ နန့်ယားချောင်းရွာအနီးတိုက်ပွဲပြင်းထန်ခဲ့လို့ ကားမိုင်းဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူခဲ့ကြောင်း ၊ နှစ်ဖက် ထိခိုက်ဆုံးရှုံးမှုရှိပြီး စစ်ကောင်စီတပ်ဘက်က အသက်ဆုံးရှုံးမှု များပြားနေကြောင်း KIA က အသိပေးပါတယ်။
ညနေပိုင်းမှာတော့ ဖားကန့်မြို့နယ် လဝါးကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
နောက်ပြီး မေလ ၂ရက်နေ့မှာ လဝါးရွာအနီး ဆုတောင်းတောင်မှာ ရှိနေတဲ့ မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းတပ်နေရာကို KIAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသတွင်း စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ KIA သတင်းပြန်ကြားရေးဌာနက အင်းတော်ကြီးဒေသ၊ ဆွမ်ပရာဘွမ်လမ်းပိုင်း မြစ်ဆုံဒေသတို့မှာလည်း တိုက်ပွဲတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။
====
ပြည်သူတွေရဲ့ထောက်ခံမှုကြောင့် PDF တွေက စစ်ကောင်စီတပ်ကို အကောင်းဆုံးတိုက်ခိုက်နိုင်ကြောင်း NUG ပြော
ပြည်သူတွေရဲ့ထောက်ခံပါဝင်မှုတွေကြောင့်သာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFတွေက အင်အားကြီးမားပါတယ်ဆိုတဲ့ စစ်တပ်ကို ဖိအားပေး တိုက်ခိုက်နေနိုင်တာဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ဒီနေ့ မေလ ၅ရက်နေ့မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်ခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
“အရေးအကြီးဆုံးဟာ ငါတို့ကို အမြဲထောက်ပံ့ ကူညီနေကြတဲ့ ပြည်သူပြည်သားတွေပဲဖြစ်တယ်။ ပြည်တွင်းပြည်ပက မြန်မာပြည်ဖွားတိုင်း ရင်းသား သွေးချင်းမိသားစုများရဲ့ ပံ့ပိုးကူညီမှု၊ အင်ပြည့်အားပြည့်ထောက်ခံပါဝင်မှုတွေကြောင့်လည်း ငါတို့ ဒီနေ့ဒီအချိန်မှာ အင်အားကြီးမားပါတယ်ဆိုတဲ့ အကြမ်းဖက်စစ်တပ်ကို အကောင်းဆုံးဖိအားပေး တိုက်ပွဲဝင်နေနိုင်တာလည်းဖြစ်တယ်”လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
PDF တွေဟာ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ခြုံငုံပြီး စစ်ဆင်ရေးနယ်မြေတွေ ဖွဲ့စည်းဆောင်ရွက်ထားသလို စနစ်ကျတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံတွေနဲ့ ပြည်သူ့တပ်မတော်တစ်ရပ်ဖြစ်အောင် ကြိုးစားအကောင်အထည်ဖော်နေတာကိုလည်း တွေ့နေရကြောင်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
နှစ်ပေါင်းများစွာ တိုင်းပြည်ဘဏ္ဍာငွေကို အကြိုက်သုံးပြီး တည်ဆောက်ထားတဲ့ အကြမ်းဖက်စစ်တပ်ကို လေးနှစ်အတွင်း PDF ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြတာဟာ ဘယ်အတိုင်းအတာအထိ အောင်ပွဲရနေပြီလဲဆိုတာ မျက်မြင်ကိုယ်တွေ့ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်က ဆိုပါတယ်။
ဒါ့အပြင် လက်ရှိအောင်ပွဲတွေမှာ PDF တွေနဲ့အတူ တသွေးတသားတည်း ရပ်တည်တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ထားလို့မရဘဲ လေးနှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါတင်မကဘဲ တော်လှန်ရေး လေးနှစ်တာအတွင်း ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေးသွားတဲ့ အာဇာနည်ရဲဘော်အားလုံးကို အလေးနီပြုပါကြောင်း၊ ပြည်သူ့အောင်ပွဲအတွက် ဆက်လက်တော်လှန်နေတဲ့ ရဲဘော်အားလုံးကိုလည်း အလေးပြုကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက ပြောပါတယ်။
#ludunwayoo #လူထုနွေဦး #NewsUpdate