မြန်မာ့အရေးက ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာပြီး စစ်ကောင်စီ၏ လူမဆန်မှုများကို အားပေးအားမြှောက် လုပ်နေသည့် ကိုယ်ကျိုးရှာ အမြတ်ထုတ်သော ပြည်ပနိုင်ငံတချို့ရှိလာဟု NUG ကာကွယ်ရေးဝန်ကြီး သတိပေး 🟥 နွေဦးတော်လှန်ရေးတစ်ခုလုံးအနေဖြင့် ရေရှည်တောင်ခံနိုင်မှုကြောင့် အောင်ပွဲရရှိခဲ့သော အင်းတော်မြို့သိမ်းတိုက်ပွဲကို နမူနာယူရန် လိုအပ်

by

in

မြန်မာ့အရေးက ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာပြီး စစ်ကောင်စီ၏ လူမဆန်မှုများကို အားပေးအားမြှောက် လုပ်နေသည့် ကိုယ်ကျိုးရှာ အမြတ်ထုတ်သော ပြည်ပနိုင်ငံတချို့ရှိလာဟု NUG ကာကွယ်ရေးဝန်ကြီး သတိပေး
🟥 နွေဦးတော်လှန်ရေးတစ်ခုလုံးအနေဖြင့် ရေရှည်တောင်ခံနိုင်မှုကြောင့် အောင်ပွဲရရှိခဲ့သော အင်းတော်မြို့သိမ်းတိုက်ပွဲကို နမူနာယူရန် လိုအပ်
ရန်ကုန်၊ မေ ၆
မြန်မာ့အရေးက ကမ္ဘာ့အခင်းအကျင်းနှင့် ဆက်စပ်လာပြီး စစ်ကောင်စီ၏ လူမဆန်မှုများကို အားပေးအားမြှောက် လုပ်နေသည့် ကိုယ်ကျိုးရှာ အမြတ်ထုတ်သော ပြည်ပနိုင်ငံတချို့ရှိလာနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးလိုက်သည်။
ယမန်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း သတိပေးပြောဆိုသွားခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ငလျင်ကြီး လှုပ်ခတ်ချိန်တွင် ပြည်သူအပေါ် စေတနာမဲ့မှု၊ စွမ်းဆောင်ရည်မဲ့မှုနှင့် အင်အား ချည်နဲ့မှုများ မဖုံးနိုင် မဖိနိုင်ပေါ်လာကြောင်း၊ သူ့အားနည်းချက်ကို ဖုံးကွယ်ရန် ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ တိုးလာနေကြောင်း၊ ထိုအချိန် စစ်ကောင်စီ၏ လူမဆန်မှုများကို အားပေးအားမြှောက်ပြုလုပ်နေသော ကိုယ်ကျိုးရှာ အမြတ်ထုတ် ပြည်ပနိုင်ငံတချို့ရှိလာကြောင်း ၎င်းက ဆိုသည်။
“အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့ လည်းဆက်စပ်လာတယ်။ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လျစ်လျူရှုပြီး မြန်မာပြည်အပေါ် ဩဇာလွှမ်းဖို့ ကိုယ်ကျိုးစီးပွားအမြတ်ထုတ်ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေး လုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကိုလည်း သတိကြီးကြီးထားရမယ်။ PDF တပ်မတော်အဖို့တော့ ကိုယ့်လမ်းကြောင်းကို မရွဲ့မစောင်း အားကောင်းမောင်းသန် ချီတက်ကြဖို့ပဲဖြစ်လိမ့်မယ်။ အင်းတော်အောင်ပွဲကို ပြန်ကြည့်ရင် တောင့်ခံနိုင်စွမ်းက အဆုံးအဖြတ် ဖြစ်ခဲ့တယ်။ PDF ရဲဘော်တစ်ဦးချင်းအနေနဲ့လည်း စိတ်ရှည်ဖို့ ဇွဲကောင်းဖို့ ဘယ်လို အခက်အခဲမျိုး ကြုံပါစေ ကြံ့ကြံ့ခံဖြတ်သန်းဖို့ လိုအပ်တယ်” ဟု ဦးရည်မွန်က ဆိုသည်။
လက်ရှိ နွေဦးတော်လှန်ရေးအနေဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို နမူနာ ယူရမည်ဖြစ်ကြောင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် တောင့်ခံနိုင်စွမ်းရှိသောသူက အနိုင်ရရှိသည်ကို သက်သေပြခဲ့ကြောင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲသည် တိုက်ပွဲကာလနှင့် ပြင်ဆင်ချိန် အပါအဝင် ၁ နှစ်ကြာမြင့်ကြောင့်၊ PDF တပ်များအနေဖြင့် မြေပြင်စိုးမိုးမှု၊ ပြည်သူလူထုပါဝင်မှုနှင့် ရေရှည်တောင့်ခံနိုင်စွမ်းတို့ကြောင့် အင်းတော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နွေဦးတော်လှန်ရေးတစ်ခုလုံးအတွက် အင်းတော်မြို့သိမ်းတိုက်ပွဲက နမူနာကောင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“အင်းတော်အောင်ပွဲ နည်းတူ တော်လှန်ရေးတစ်ခုလုံးရဲ့ အောင်ပွဲကိုလည်း ငါတို့ရဲ့ တောင့်ခံနိုင်စွမ်းကပဲ အဆုံး အဖြတ်ပေးလိမ့်မယ်။ ငါတို့မှာ မွန်မြတ်တဲ့ ရည်မှန်းချက်ရှိတယ်။ ငါတို့မှာ ကိုယ်နှုတ်နှလုံးနဲ့ ထောက်ခံပါဝင်နေတဲ့ တော်လှန်ပြည်သူတွေရှိတယ်။ ငါတို့မှာ နိုင်ငံအနှံ့ တပ်ဖြန့် နေရာယူထားတဲ့ တော်လှန်ရေး ရဲဘော်တွေ ရှိတယ်။ ငါတို့ရဲ့ စစ်ပညာနဲ့ တိုက်စွမ်းရည်ကို ဆက်လက် မြှင့်တင်ကြရမယ်။ ငါတို့ရဲ့ ရုပ်၀တ္တုပစ္စည်းလိုအပ်ချက်တွေကို နည်းမျိုးစုံနဲ့ ဖြည့်ဆည်းကြရမယ်။ PDF တပ်မတော်နဲ့ မဟာမိတ်တွေပိုချစ်ကြည် ပိုစည်းလုံး ပိုဟန်ချက်ညီပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဟာဗျူဟာမြောက် တိုက်ပွဲဝင်ကြရင် အဆုံး သတ်အောင်ပွဲဟာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဖြစ်လိမ့်မယ်လို့ယုံကြည်တယ်” ဟု ဦးရည်မွန်က ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် စတင်ဖွဲ့စည်းခဲ့ချိန်မှစတင်၍ ယခုအခါ တပ်ရင်းပေါင်း ၄၀၀ နီးပါး ရှိလာပြီး တစ်နိုင်ငံလုံးနီးပါးတွင် တပ်ဖြန့်ထားနိုင်ပြီဖြစ်သည်။