ရွှေဘိုမြို့အနီးသို့ ယနေ့ နံနက်ပိုင်း ဗဟိုပြု လှုပ်ခတ်သည့် ၄ ဒသမ ၈ အဆင့်ရှိ ငလျင်ကို ပျော်ဘွယ်၊ ရေဦး၊ ခင်ဦးနှင့် မိုးကုတ်မြို့များတွင်ပါ သိသာစွာ ခံစားရ

by

in

ရွှေဘိုမြို့အနီးသို့ ယနေ့ နံနက်ပိုင်း ဗဟိုပြု လှုပ်ခတ်သည့် ၄ ဒသမ ၈ အဆင့်ရှိ ငလျင်ကို ပျော်ဘွယ်၊ ရေဦး၊ ခင်ဦးနှင့် မိုးကုတ်မြို့များတွင်ပါ သိသာစွာ ခံစားရ
ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးသို့ ယနေ့ နံနက်ပိုင်း ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ပျော်ဘွယ်၊ ရေဦး၊ ခင်ဦးနှင့် မိုးကုတ်မြို့တွင်ပါ သိသာစွာ ခံစားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယနေ့ မေလ ၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီ ၀၃ မိနစ်အချိန်ခန့် စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့အနောက် မြောက်ဘက် ၃၃ ကီလိုမီတာခန့်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၈ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါငလျင်ကြောင့် ပျော်ဘွယ်၊ ရေဦး၊ ခင်ဦးနှင့် မိုးကုတ်မြို့တွင်ပါ သိသာစွာ ခံစားရပြီး မိုးကုတ်မြို့တွင် ယနေ့ နံနက်ပိုင်း ငလျင်ကြောင့် နေအိမ်များ ခါရမ်းသွားခဲ့ကြောင်း သိရှိရသည်။
“မနက် ၆ နာရီလောက် အိမ်တွေ ယိမ်းထိုး တုန်ခါကုန်တာ။ မတ်လ ၂၈ ရက်နေ့ကတောင် မိုးကုတ်မှာ အဲဒီလောက်ကြီး မလှုပ်ခဲ့ဖူး။ အခု ခါရမ်းလှုပ်သွားတာ။ မိုးကုတ်မှာ လေယာဉ်လည်း ကြောက်ရ၊ ငလျင်လည်းကြောက်ရ ဖြစ်နေပြီ” ဟု မိုးကုတ်ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမေရိကန် ငလျင်စောင့်ကြည့်ရေး ဘူမိဗေဒ-USGS ကမူ ယနေ့ နံနက်ပိုင်း လှုပ်ခတ်သွားခဲ့သော ငလျင်သည် ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိပြီး ရွှေဘိုမြို့အနီးသို့ ဗဟိုပြုလှုပ်ခတ်သွားခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ကာ စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ပျော်ဘွယ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၂၀ ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ပေါင်း ၁၆၀ ကျော်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မန္တလေးတွင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသော အဆောက်အအုံများ။