ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ ရုံးဌာနများတွင် ဘန်ကာများ၊ ကတုတ်ကျင်းများဖြင့် မြို့ပတ်ပတ်လည်တွင် ခုခံစစ်များ ပြင်ဆင်
ရန်ကုန်၊ မေ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ ရုံးဌာနများတွင် ဘန်ကာများ၊ ကတုတ်ကျင်းများဖြင့် မြို့ပတ်ပတ်လည်တွင် မြို့အတွက် ခုခံစစ်များ ပြင်ဆင်ပြီး တပ်များ ဖြန့်ကျက်ထားကြောင်း ဘားအံဒေသ သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
KNLA တပ်မဟာအများစုတွင် KNLA ၊ PDF ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများ၊ ကာကင်းများကို တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာပြီးနောက် ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ပါ စစ်ကောင်စီတပ်က ခုခံစစ် ပြင်ဆင်လာခြင်းဖြစ်ကြောင်း၊ ဘားအံမြို့ တိုက်ခိုက်ခံရမည့် အရေးမှ ကြိုတင်ကာကွယ်ရေးစီမံချက်များကိုလည်း စစ်ကောင်စီတပ်က ရေးဆွဲထားပြီး တပ်ဖြန့်မှုများနှင့် ခုခံစစ်အတွက် အကြီးအကျယ် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
” အခုတိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေက ဘားအံနဲ့ အတော်ကို ကပ်လာတယ်။ ဂျိုင်းတံတားကျော်ရင်ဖြစ်ဖြစ်၊ နဘူး၊ ဒေါ်လန်းကဖြစ်ဖြစ်၊ ခယား။ သံလှယ်ဘက်က ဖြစ်ဖြစ်၊ မြိုင်ကလေး၊ မုက္ကထိဘက်ကဖြစ်ဖြစ် ဘားအံကို အချိန် မရွေးဝင်လို့ရတဲ့ လမ်းကြောင်းတွေ ရှိနေတယ်။ အဲဒါကြောင့် တပ်မ ၂၂ က မြို့ပတ်ပတ်လည်မှာ ခုခံစစ်ပြင်နေတယ်။ လွန်းည၊ သာမညဘက်ကရွာတွေမှာ စစ်တပ် စစ်ကြောင်းတွေ ဖြန့်တာ၊ ကင်းပုန်းတွေချတာတွေရှိတယ်။ အပေါင်၊ ထီလုံဘက်မှာလည်း သံချပ်ကာကားတွေ လက်နက်ကြီးတပ်တွေ ဖြန့်တာတို့ ရှိတယ်။ ခယား၊သံလှယ်ဘက်နဲ့ မုက္ကထိ၊မိဇံဘက်မှာလည်း သံလွင်မြစ်ထဲ စစ်သင်္ဘောတွေ ကင်းပတ်နေတယ် “ဟု ဘားအံအခြေစိုက် တပ်နှင့် ထိတွေ့ရှိနေသည့် ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ဘားအံ တပ်နယ်ရှိ တပ်ရင်း ၁၀ ခုမှ စစ်သည်မိသားစုများ၊ သားသမီး၊ ဇနီးများလည်း ခမရ ၂၀၁ နှင့် ခမရ ၂၀၂ တပ်ရင်းများတွင် အခြေခံ ပစ်ခတ်မှု စစ်သင်တန်းများ တက်ရောက်နေရကြောင်း၊ ပစ်ခတ်မှု သင်တန်းများ တက်ရောက်ပြီးပါက တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးနှင့် မြို့စောင့် အရန်အင်အားအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ် ကြောင်း သိရှိရသည်။
“ဘားအံ မှာ တပ်မ ၂၂ အောက်မှာ ခမရ၊ ခလရ၊ ဆေးတပ်၊ တပ်ထိန်း၊ ထောက်/ပို့၊ GEတပ်၊ အမြောက်တပ်၊ ဆက်သွယ်ရေးတပ်၊ စရဖ၊ စစ်လက်နက်ပစ္စည်းတပ်အားလုံး ၁၀ တပ်ရှိပါတယ်၊အဲ့ဒိကစစ်သားသားသမီးတွေ၊မိန်းမတွေကို စစ်သင်တန်းပေးနေတယ်။ မြို့စောင့်အရန် အင်အားသုံးဖို့ ဆိုပြီးလုပ်တော့ တပ်ထဲက လူတွေအပြင်အ လုပ် ထွက်လုပ်ရတာ အကုန်နားပြီး ၂၀၁/၂၀၂ မှာသင်တန်းတက်နေရတယ်” ဟု ဘားအံဒေသသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် စစ်ကောင်စီက BGF တပ်များအနေဖြင့် KNLA တပ်များနှင့်ပူးပေါင်းသွားမည်ကို စိုးရိမ်နေပြီး KNLA မဟာမိတ် ပူးပေါင်းတပ်များက ဘားအံကို တိုက်ခိုက်လာချိန် BGF ၊ DKBA ၊ KNLA PC အပါအဝင် ကရင်တပ်များအားလုံး မိခင် KNU နှင့် ပြန်လည် ပေါင်းစည်းမည်ကိုလည်း စစ်တပ်က အကြီးအကျယ် စိုးရိမ်နေကြောင်း သိရှိရသည်။
” စကစကတော်တော်လေးစိတ်ပူနေတယ်။ ကရင် ဘုန်းကြီးတွေနဲ့ ကရင်အုပ်စုတွေကိုထိန်းပေးဖို့ပြောတယ်။ BGF တွေကိုလည်း သူတို့အောက်မှာပဲ ဆက်ရှိဖို့နဲ့ ထိန်းဖို့ အမျိုးမျိုး ကြိုးစားနေတယ်” ဟု ဘားအံဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
