ဆွေးနွေးပွဲအဆင်မပြေကြောင်း TNLAထုတ်ပြန်ပြီးနောက် မိုးကုတ်ကို စစ်ကောင်စီ ဗုံးထပ်ကြဲ

by

in

ဆွေးနွေးပွဲအဆင်မပြေကြောင်း TNLAထုတ်ပြန်ပြီးနောက် မိုးကုတ်ကို စစ်ကောင်စီ ဗုံးထပ်ကြဲ
မေ ၃၊၂၀၂၅။ကဖေး/People’s Spring
တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို မေလ ၂ရက် ညနေပိုင်းတွင် စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့၍ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
မိုးကုတ်မြို့အရှေ့ပိုင်း ဗဟင်းရွာနှင့် အနောက် ပိုင်းနှာအုတ်အင်းကျေးရွာကို မေလ ၂ရက် ည ၁၁နာရီ ၄၇မိနစ်၌ ဗုံးကြဲချခြင်းဟု မြို့ခံတစ်ဦးကပြောသည်။
” ဗဟင်းရွာက တောထဲဘက်ကျပေမယ့် အုတ်အင်းကကျ ကျပ်ပြင်ဈေးနားတင်ရှိတာ။ အုတ်အင်းဓမ္မာရုံကို ကြဲတာ။ ဓမ္မာရုံပျက်စီးတယ်။ တခြားထိခိုက်မှုက မသိရသေးဘူး။ လေကြောင်းရန်က အနီးကပ်ကြုံခဲ့ရတယ်”ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ကောင်စီ နှင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA) က မေလ ၂ရက်တွင် သတင်းထုတ်ပြန်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် စစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်တို့သည် တရုတ် နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈နှင့် ၂၉ရက် တွင် အပစ်အခတ်ရပ်စဲနိုင်ရန် ဆွေးနွေးခဲ့ဟု ဆိုသည်။
စစ်ကောင်စီကိုယ်စားလှယ်တို့က TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသောဒေသများမှ ဆုတ်ခွာရန် တောင်းဆိုခဲ့ကြောင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ TNLA တပ်ဖွဲ့အားလုံး ပြန်လည်ဆုတ်ခွာရန် စစ်ကောင်စီ၏ တောင်းဆိုချက်ကို PSLFကိုယ်စားလှယ်များက သဘောမတူနိုင်၍ နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ ဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့ကြောင့် နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု အသိပေးသည်။
ထို့အပြင် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန် တိုးတက်လာစေရန် ဆွေးနွေးခဲ့ကြကြောင်း TNLAက ထုတ်ပြန်သည်။
ထိုသို့ထုတ်ပြန်ပြီးနောက်ပိုင်း မိုးကုတ်မြို့တွင် ကင်းထောက် လေယာဉ်များဝဲနေခဲ့ပြီး ည ၁၁နာရီ ၄၇မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
“စစ်ကောင်စီနဲ့ ‌ဆွေးနွေးပြီး တော်လှန်ရေးကို ရှုံ့ချီနှပ်ချီလုပ်‌နေရင်တော့ လူထုအထိနာမှာပဲ။ မိုးကုတ်က ရှေ့လျှောက်ပြီး လေကြောင်းအန္တရာယ်များနေပြီ”ဟု မြို့ခံလူငယ်တစ်ဦးကပြောသည်။
စစ်ကောင်စီသည် ဧပြီ ၃၀ရက်ကလည်း မိုးကုတ် မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားကို လေကြောင်းမှ ပေါင် (၂၅၀)ဗုံး နှစ်လုံကြဲချခဲ့သည်။
TNLAနှင့် စစ်ကောင်စီသည် နောင်ချိုမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်။TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့်လူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲနေကြောင်း TNLAက ထုတ်ပြန်ထားသည်။
ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLAက သတိပေးထားသည်။
(မိုးကုတ်မြို့တနေရာကို စစ်ကောင်စီက ဧပြီ ၃၀ရက်တွင် လေကြောင်းမှ ဗုံးကြဲပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)