ခလရ ၂၅၈ မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများ စောင့်ကြိုတိုက်ခိုက်ခံရ၊ ၃ ဦးသေပြီး ၁၀ ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)
မေ ၁၊ ၂၀၂၅
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းကနေ အင်အား ၁၅၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်ထံက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ထန်းဆယ်ပင်ကျေးရွာအနီး အသင့်စောင့်ဆိုင်းကာ တစ် ရက်လုံးနီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ရေစကြိုမြို့ပေါ်ရှိ စုပေါင်းရုံးကနေ လက်နက်ကြီးပစ်ကူ ပေးခဲ့ကာ အကြမ်းဖက်စစ်သားတွေ ထန်းဆယ်ပင်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာချိန်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်ပကဖနဲ့ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ရေစကြိုမြို့နယ်ပကဖရဲ့ ခွဲမှူးရဲဘော် ၁ ယောက် ကျည်ထိမှန် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။