စစ်ကောင်စီက ဗန်းမော် စစ်မျက်နှာပြင်သို့ လက်နက်ကြီးအပါအဝင် ခဲယမ်းမျိုးစုံ သိန်းချီပို့ဆောင်၍ ခံစစ်ဆင်နေ
ဧရာဝတီတိုင်းမ်
မေ ၁ ရက်
လနှင့်ချီ၍ ကြာမြင့်လာပြီဖြစ်သည့် ဗန်းမော်တိုက်ပွဲအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက် ငယ်များအပါအဝင် ခဲယမ်းမျိုးစုံ ၁၅ သိန်းခန့်ပို့ ဆောင်၍ ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည့် ယနေ့ မေ ၁ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းဗုံးသီး များအပြင် လေကြောင်းမှပါ အပြင်းအထန်ခုခံကာကွယ်နေကြောင်း သိရသည်။
စစ်ကောင်စီအတွက် လိုအပ်နေသည့် သိန်းနှင့်ချီသော လက်နက်ခဲယမ်းများကို မြစ်ကြီးနား စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ-၁၄၁ နှင့် ကျောက်ဆည် ဟန်မြင့်မိုရ်အခြေစိုက် ပင်မခဲယမ်းမီး ကျောက်တပ်(ပခန) တို့မှနေ၍လေယာဉ်များဖြင့် ထောက်ပံ့ပို့ဆောင်နေကြောင်း စစ်ရေး သတင်းရင်း မြစ်ထံမှ သိရသည်။
“စစ်လက်နက်ပစ္စည်းတပ်နှစ်ခုကနေ လက်နက်တွေ အဆက်မပြတ်သယ်ပို့နေတယ်။ ကျောက်ဆည်က လက်နက်တွေကို တံတားဦးလေတပ်ကနေ သယ်ပေးနေတယ်လို့ သိရပါတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ကြောင့် ဗန်းမော်ခံစစ်အင်အားမှာ လနှင့်ချီကြာမြင့်သည်အထိ ပစ်အားကျမသွားဘဲ ပစ်ချခံရသည့် ဒရုန်းများကိုပါ အစား ထိုးတောင်းယူအသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့အတွင်းရှိ စကခ ၂၁၊ ခလရ ၄၇ တို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး ကချင် လွတ်လပ်ရေးတပ်မတော် (KIA) က စကခ ၂၁ ၏ ကာကင်းငါးခုထက်မနည်းကို ယခုရက်ပိုင်းအတွင်း သိမ်းယူထားကာ မြို့အတွင်းတပ်စွဲထားသည့် နေရာသုံးခုထက်မနည်းကိုလည်း သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီသည် ကချင်ပြည်နယ်အတွင်း ဗန်းမော်မြို့ နယ်တွင်သာမက ဖားကန့်ဘက်တွင်ပါ တိုက်ပွဲဖော်ဆောင်နေပြီး ဖားကန့်ကိုစစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်အားထောင်ချီသုံးပြီး စစ်ကြောင်း ထိုးနေကြောင်း သိရသည်။
ထို့အပြင် မြစ်ဆုံအနီးရှိ ဂွီထောင်ကျေးရွာအနီးတွင် ဧပြီ ၂၉ ရက်နေ့အထိ စစ်ကောင်စီနှင့် KIA တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပုံစာ- နန့်ဖက်ကာတိုက်ပွဲအတွင်း KIA သိမ်းပိုက်ရရှိခဲ့သည့် လက်နက်များ။
#ဗန်းမော် #စစ်မျက်နှာပြင် #စစ်ကောင်စီ #လက်နက် #ခဲယမ်း #သိန်းချီ #ပို့ဆောင် #ခံစစ်ဆင် #Ayeyarwaddy_Times