မင်းအောင်လှိုင်နှင့် မိသားစု၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူ 🟥 ပြည်ပခရီးစဉ်ရှည်များအတွက် Airbus လေယာဉ်ကိုအသုံးပြုပြီး ပြည်တွင်းနှင့်ပြည်ပအနီးခရီးစဉ်များအတွက် Fokker 70 (F-28-0070) လေယာဉ်ကို အသုံးပြု

by

in

မင်းအောင်လှိုင်နှင့် မိသားစု၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူ
🟥 ပြည်ပခရီးစဉ်ရှည်များအတွက် Airbus လေယာဉ်ကိုအသုံးပြုပြီး ပြည်တွင်းနှင့်ပြည်ပအနီးခရီးစဉ်များအတွက် Fokker 70 (F-28-0070) လေယာဉ်ကို အသုံးပြု
ရန်ကုန်၊ မေ ၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည့် စစ်တပ်ပိုင် Airbus လေယာဉ်ကို အပြီးအပြတ် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသော အမိန့် ပြန်တမ်းအရ သိရှိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ခဲ့သော စစ်ကောင်စီ၏ အမိန့်ပြန်တမ်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)တွင် အသုံးပြုရန် အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ပြန်လျော့ အကောက်ခွန် (Drawback) စနစ်ဖြင့် ငှားရမ်းတင်သွင်းထားသည့် Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ပြန်လည် တင်ပို့ခြင်းမပြုတော့ဘဲ ပြည်တွင်းသုံးစွဲရန် ဝယ်ယူခြင်းအတွက် ကျသင့်သည့် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ MAI က အမည်ခံပေးထားသော Airbus လေယာဉ်မှာ မင်းအောင်လှိုင် ခရီးစဉ်များအတွက် သီးသန့် အသုံးပြုနေသည့် စစ်တပ်ပိုင် လေယာဉ်ဖြစ်ကြောင်း၊ မင်းအောင်လှိုင် မိသားစုအတွက် သီးသန့် အသုံးပြုသည့် လေယာဉ်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
“အဲဒီAirbus XY-ALK လေယာဉ်က MAI က အမည်ခံပေးထားတာပါ။ တပ်မတော်ပိုင်လေယာဉ်ပါ။ လေယာဉ်အတွက် အာမခံနဲ့ ပြည်ပခရီးစဉ်တွေ ပျံသန်းဖို့က MAI အမည်ခံထားပေးမှရတာ။ တပ်မတော်လေယာဉ်ဆိုရင် ပြည်ပခရီးစဉ် အဝေးတွေ ပျံသန်းခွင့်နဲ့ နိုင်ငံတကာ လေယာဉ်ကွင်းတွေမှာ ဆင်းခွင့် ခက်ခဲတယ်။ အရပ်ဘက် လေယာဉ်အနေနဲ့ သုံးဖို့ MAI က အမည်ခံပေးရတာပါ” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်နှင့် တရုတ်ခရီးစဉ်များတွင် ယခု ဝယ်ယူလိုက်သည့် MAI Airbus လေယာဉ်ကို အသုံးပြုနေခြင်းဖြစ်သည်။
မင်းအောင်လှိုင်က ထိုင်းနိုင်ငံနှင့် ပြည်ပခရီးစဉ် အတိုများအတွက် စစ်တပ် အထူးလေယာဉ် Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 ကို အသုံးပြုနေပြီး ၎င်း၏ မိသားစု ပြည်ပခရီးစဉ်များတွင် လေယာဉ် ၂ စီးကို အဆင်ပြေသလို အသုံးပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လွန်ခဲ့သော နှစ်များအတွင်း မင်းအောင်လှိုင်၏ ဇနီး ကြူကြူ၊ သားသမီးနှင့် မြေးများ စင်ကာပူသို့ အလည်အပတ်သွားခဲ့စဉ် MAI Airbus လေယာဉ်ကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။
MAI လေကြောင်းလိုင်းမှာ ယခင်က KBZ ဦးအောင်ကိုဝင်းက ပိုင်ဆိုင်ခဲ့သော်လည်း24 Hour ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌ ဦးအောင်အောင်ဇော်က ပိုင်ဆိုင်သည်။
ဓာတ်ပုံ- မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင် အသုံးပြုသည့် Airbus XY-ALK လေယာဉ်။