တောင်ငူ အခြေစိုက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၃၀
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၃၀ ရက်နေ့ နံနက် ၁ နာရီ ၃၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) အတွင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၈ လုံး ဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသများနှင့် ၎င်းတို့ ထိစပ်နေသော နေရာဒေသများရှိ တော်လှန်ရေး အင်အားစုများနှင့် အပြစ်မဲ့ ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို အဓိက အမိန့်ပေးကွပ်ကဲရန် ခြေကုပ်ယူထားသည့် အရေးပါသော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ကြောင်း သိရသည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် ဌာနဆိုင်ရာ အဆောက်အုံများ ပြိုလဲပျက်စီးသွားသော နေပြည်တော် စစ်ကောင်စီ စစ်ရုံးချုပ်နှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ်ရုံးတို့မှ စစ်ကောင်စီ အကြီးအကဲများ သွားရောက်ရုံးထိုင်၍ တစ်တိုင်းပြည်လုံးကို ဒုက္ခပေးရန် အမိန့်ပေးကွပ်ကဲနေသော စစ်ဌာနချုပ်ဖြစ်ပြီး BWM နှင့် မဟာမိတ် အဖွဲ့များက ယခုကဲ့သို့ နှိမ်နင်း တိုက်ခိုက်ခြင်းဖြင့် BWM Mission 35 ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ပြည်သူများ တလျှောက်လုံး ခံစားကြုံတွေ့ခဲ့ရသော မလုံခြုံမှုကို စစ်ကောင်စီ အကြီးအကဲများ ကိုယ်တိုင်ခံစားစေပြီး ပြေးစရာမြေမရှိဖြစ်စေရန် Brave Warriors for Myanmar (BWM) အဖွဲ့က တိုက်ခိုက်ရခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တပခ အတွင်းမှ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေလျှက်ရှိပြီး ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
“စစ်တပ်တွေဘက်ကတော့ ကျနော်တို့ ပစ်ပြီးပြီးချင်း စစ်တောင်းမြစ်ကမ်းနားက စခန်းတွေထဲကနေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပါတယ်။ နောက် ၁ နာရီကျော်လောက်ကြာတော့ လက်နက်ကြီးတွေနဲ့ ၂ ချက်ပြန်ပစ်ပါတယ်။ ဒါပေမယ့် အခုနံနက် ရဲဘော်တွေကတော့ ဘေးကင်းလုံခြုံစွာဌာနေ စခန်းအသီးသီးကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါပြီ နပတ စစ်ရုံးပြိုသွားလို့ နပတ စစ်ရုံးက လူတွေ တပ်ထဲ လာထိုင်နေတယ် သတင်းရလို့ ပြေးစရာမြေမရှိဖြစ်စေဖို့ အခုလို ပစ်ရခြင်းဖြစ်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) အတွင်းကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၈ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်နေစဉ်