ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ
ဧပြီ ၂၉၊ ၂၀၂၅
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က မြို့နယ်၊ ဇုန်၊ တိုက်နယ်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေး ကိစ္စရပ်တွေဖြစ်စေ၊ နယ်မြေအတွင်း အဖွဲ့အစည်း အချင်းချင်း သင့်မြတ်ကောင်းမွန်စွာ ရေရှည်ဆက်ဆံနိုင်ရေးနဲ့ အပြန်အလှန်လိုအပ်ချက်တွေကို ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပကဖ တာဝန်ခံတွေဟာ မြေပြင်မှာ မျက်နှာစုံညီ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ မြေပြင် အခက်အခဲတွေအပေါ် နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေလုံခြုံရေးနဲ့ ဒေသတွင်း တော်လှန်ရေး အားကောင်းစေဖို့အတွက် ပကဖတွေ အနေနဲ့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
