ဧရာဝတီတိုင်းအတွင်းရှိ လယ်သမားများ ဘဏ်ကြွေးဆပ်ရန်ခြိမ်းခြောက်ခံနေရပြီး မဆပ်နိုင်ပါက လယ်သိမ်းမည်ဖြစ်ပြီး စစ်မှုထမ်းလိုက်ရမည်ဟုပါ ခြိမ်းခြောက်
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး မှူးက လယ်သမားများကို ဖိအားပေး၍ ဘဏ်ကြွေးများဆပ်ခိုင်းနေကြောင်း သိရသည်။
မေယ်လမြိုင်ကျွန်းမြို့နယ်၊ လင်းဇွဲမဲဇလီကျေးရွာ ကြံ့ခိုင်ရေးခေါင်းဆောင် စစ်ကောင်စီခန့်အုပ်ချုပ် ရေးမှူးက လယ်လုပ်သူများကို စိုက်ဘဏ်ချေးငွေများပြန်ဆပ်ရန် ဖိအားပေးနေပြီး အကြွေးမဆပ် နိုင်ပါက လယ်သိမ်းမည်ဖြစ်ကာ လယ်သိမ်းယူမခံလိုပါက စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြောဆို မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။
“စပါးတွေကလည်းရိတ်ပြီးမှ မိုးရွာတော့ အပင်ပေါက်တာတွေနဲ့ ဆန်ဈေးတက်ပြီး စပါးဈေးကျတာနဲ့ စားဖို့အနိုင်နိုင်ဆိုတော့ ဘဏ်ကြွေးလည်းဆပ်ဖို့ ဒုက္ခ ရောက်နေပါတယ်။ အကြွေးမဆပ်နိုင်ရင် လယ်သိမ်းပြီး စစ်မှုထမ်းထဲလိုက်ရမယ်ဆိုလို့ အကုန် ကြောက်နေကြတယ်” ဟု လယ်လုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လယ်သမားများအနေဖြင့် ဘဏ်ကြွေးဆပ်ငွေကို ယခုလဧပြီလကုန်နောက်ဆုံးထား၍ ဆပ်ရမည်ဖြစ်ပြီး မဆပ်နိုင်ပါက ဘဏ်စည်းမျဉ်းစည်းကမ်း နည်းဥပဒေပုဒ်မအတိုင်း လယ်ယာမြေပုံစံ (၇) ကို သိမ်းယူ သွားမည်ဟု ခြိမ်းခြောက်ခံထားရကြောင်း သိရသည်။
လယ်သမားများအနေဖြင့် လယ်ယာမြေအချို့မှာ ရိတ်သိမ်းရခြင်းမရှိသေးဘဲ ယခုရက်ပိုင်းအတွင်း နေရာကွက်၍ မိုးကြီးခဲ့သဖြင့် လယ်တချို့ရေမြုပ်ပြီး လယ်သမားများ စပါးမရဘဲ ဒုက္ခရောက် နေကြောင်း လယ်လုပ် သူတစ်ဦးထံမှ သိရသည်။
ထို့အပြင် မေယ်လမြိုင်ကျွန်းမြို့နယ်အတွင်း ဂုံညှင်းတန်းကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးကလည်း ဘဏ်ကြွေးဆပ်ခိုင်းပြီး လယ်ယာမြေများသိမ်းမည်၊ စစ်မှုထမ်းရမည်ဟု လယ်သမားများကို ခြိမ်းခြောက်ထားကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများမှာ ဒေသခံများကို နည်းမျိုးစုံနှင့် ဒုက္ခပေးငွေညှစ်နေပြီး စစ်မှုထမ်းအကြောင်းပြကာ ငွေကြေးကောက် ခံခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်းများ ပြုလုပ်နေပြီး စစ်မှုထမ်းထောက်ပံ့ငွေဟုဆိုကာ ငွေကြေးတောင်းခံမှုများရှိသည့်အပြင် မြို့နယ်မှ စာအိတ်နှင့်လာသည့် စစ်မှုထမ်းဆင့်ခေါ်စာဖြင့် လူငယ်များကို စစ်တပ်အတွင်း ဖမ်းဆီးပို့ဆောင် နေမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-အင်တာနက်
#ဧရာဝတီတိုင်း #လပွတ္တာ #မော်လမြိုင်ကျွန်း #ဘဏ်ကြွေ
