မင်းလှမြို့နယ်၊ အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်မှု အလောင်း ၁၀ လောင်းနှင့် လက်နက် ၁၃ လက် သိမ်းဆည်းရရှိပြီး စစ်သား ၁ ဦးအရှင်မိ
ရန်ကုန်၊ ဧပြီ ၂၈
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်မှု အလောင်း ၁၀ လောင်းနှင့် လက်နက် ၁၃ လက် သိမ်းဆည်းရရှိပြီး စစ်သား ၁ ဦးအရှင် ဖမ်းမိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မင်းလှမြို့နယ်၊ သရော်ကုန်ရွာ ဘုန်းကြီးကျောင်းမှ ထွက်ခွာလာသော အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို ငမိုးရိပ်ရွာ အတွင်းသို့ ရောက်ရှိလာစဉ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ ၃ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ ၅ ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၆ AyeYarNyiNaung ရဲဘော်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း ပိတ်ဆို့ တိုက်ခိုက်မှု အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ပြီး တိုက်ပွဲကြာချိန် ၂ နာရီနီးပါးခန့်ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားနေချိန် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် တော်လှန်ရေး ပူးပေါင်း ရဲဘော်များ ရှိရာ အနီးကို Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ကာ ဂျက်ဖိုက်တာ ၂ စီး ပျံဝဲလာနေစဥ် အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံး တပ်ပျက်၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက စစ်ခွေး အလောင်း ၁၀ လောင်း၊ သေနတ် ၁၁ လက် ၊ ၆၀ မမ ၁ လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အဲ စစ်ခွေး စစ်ကြောင်းက စစ်ခွေး ၁ ကောင်ကို ဒီနေ့ နံနက်ပိုင်းမှာ ကျွန်းကုန်းရွာနားမှာ တပ်ခွဲ ၄ နဲ့ တပ်ခွဲ ၅ က ရဲဘော်တွေ အရှင်ထပ်မိတယ် သေနတ် ၁ လက်လည်းပါတယ်။ စစ်ကြောင်းက တစ်ကြောင်းလုံးကို တပ်ပျက်ပြီး အလံဖြူထောင်ဖို့ လုပ်နေတုန်း စစ်ခွေးလေယာဉ်တက်လာပြီး လိုက်ပစ်တာ စစ်ခွေးတွေလည်း ပစ်ခံရတယ်။ အကုန်ထွက်ပြေးရတဲ့ အခြေအနေပဲ ကျနော်တို့ နယ်မြေရှင်းတဲ့ အချိန်မှာ စစ်ခွေး အလောင်း ၁၀ လောင်း ၊ သေနတ် ၁၁ လက် ၊ ၆၀ မမ ၁ လက် နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဆုတ်ခွာ ထွက်ပြေးပြီးနောက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ၁ Dragon Brothers (GBK-PDF)၊ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ၅၊ တပ်ခွဲ၆ Black Dragon (GBK-PDF) နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃၊ သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ၆ AyeYarNyiNaung၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ၅ တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။