ရိုဟင်ဂျာတွေအတွက် လွတ်လပ်တဲ့ ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ်လာရေး တရုတ်ပြည်ကွန်မြူနစ်ပါတီ ထိပ်တန်းကိုယ်စားလှယ်များနဲ့ ဘင်္ဂလားဒေ့ရှ် ဂျာမအသ်ပါတီ ဆွေးနွေး
ဧပြီ ၂၇ ၊ AEN
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ရဲ့ အင်အားကြီးနိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ Jammat-e-Islami က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာတွေအတွက် သီးခြား လွတ်လပ်တဲ့ ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ The Business Standard သတင်းဌာနအပါအဝင် ဒါကာအခြေစိုက် သတင်းဌာနတွေက ဖော်ပြကြပါတယ်။
ဒီကနေ့ ဧပြီလ ၂၇ ရက်နေ့ ဒါကာမြို့၊ စီတီဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း တရုတ်ပြည်ကွန်မြူနစ်ပါတီ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် Jammat-e-Islami ပါတီက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်အတွင်း ရခိုင်ဒေသအတွင်း သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင်ပြည်နယ်တစ်ခု ရိုဟင်ဂျာတွေအတွက် ထူထောင်ဖို့ ပါဝင်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိတယ်လို့ ဂျာမာအသ်ပါတီရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က ပြောကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ကို လက်ခံထားကြောင်း၊ ရိုဟင်ဂျာတွေအတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာ အကူအညီပေးရုံနဲ့တင် ရိုဟင်ဂျာအရေးဟာ ပြေလည်နိုင်စရာ မရှိကြောင်း၊ ရိုဟင်ဂျာတွေအတွက် သူတို့ ကိုယ်ပိုင်မြေအဖြစ် ရခိုင်မြောက်ပိုင်းအတွင်း သတ်မှတ်ကာ အဲ့ဒီ့ သီးခြားလွတ်လပ်တဲ့ နယ်မြေအတွင်း ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားပေးတာကပဲ အဖြေမှန်ဖြစ်တယ်လို့ ဂျာမာအသ်ပါတီရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဆိုင်ယက်ဒ် အဗ္ဗဒူလ္လာဟ် မိုဟာမက် တာဟေရ်က သတင်းဌာနတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီများနဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်တို့ဟာ ရိုဟင်ဂျာတွေကို အမြန်ဆုံး မူလနေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ပို့ဆောင်ဖို့ ပြောဆိုနေလျက်ရှိနေပြီး၊ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် နည်းလမ်းမျိုးစုံကို အသုံးပြုမှာလို့လည်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တကျော့ပြန် ထောက်ခံမှုတွေရနေပြီး အလားလာကောင်းတွေ ရှိနေတဲ့ အတိုက်အခံပါတီကြီး Jammat-e-Islami ပါတီက သူတို့ရဲ့ သဘောထားဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာတွေအတွက် သီးခြား လွတ်လပ်တဲ့ ကိုယ်ပိုင်ပြည်နယ် ဖြစ်ပေါ်လာရေးအတွက် တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးနေကြောင်း ပြောဆိုထုတ်ပြန်လာသလို ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ခေါင်းဆောင် ပါမောက္ခမိုဟာမက်ယူနွတ်စ်ကလည်း ရိုဟင်ဂျာအရေးဖြေရှင်းဖို့အတွက် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ နေထိုင်နိုင်ရေးတို့အတွက် ရခိုင်ဒေသအတွင်း “ဘေးကင်းဇုံ” တစ်ခု ရိုဟင်ဂျာတွေအတွက် ရှိရမယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ – TB News
The Arakan Express News
