ပဲခူးရိုးမတွင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၊ စစ်သားတချို့ အလံဖြူထောင်ချိန် စစ်ကောင်စီက လက်နက်ချသူများကို လေယာဉ်ဖြင့် လိုက်လံဗုံးကျဲ

by

in

ပဲခူးရိုးမတွင် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၊ စစ်သားတချို့ အလံဖြူထောင်ချိန် စစ်ကောင်စီက လက်နက်ချသူများကို လေယာဉ်ဖြင့် လိုက်လံဗုံးကျဲ
ရန်ကုန်၊ ဧပြီ ၂၇
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမ အတွင်း တက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သားများ အလံဖြူထောင်ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၃ ရက်နေ့မှ စတင်ကာ မင်းလှမြို့နယ်၊ ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးနေသော စစ်တပ်ကိုတော်လှန်ရေး တပ်ဖွဲ့များက ဧပြီလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု များပြားပြီး စစ်ကြောင်း တစ်ခုလုံး တပ်ပျက်၍ ထွက်ပြေးသွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီ တပ်သား အများစု အလံဖြူထောင်၍ လက်နက်ချ အလင်းဝင်မှုများရှိကြောင်း သိရှိရသည်။
ထိုသို့ စစ်ကြောင်း တစ်ခုလုံး ဖွဲ့စည်းပုံပျက်၍ အလံဖြူထောင်ချိန် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပဲခူးရိုးမ တောက်လျှောက်ကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လိုက်လံ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေကြောင်း၊ ဂျက်ဖိုက်တာများလည်း အဆက်မပြတ် ပျံဝဲနေကြောင်း သိရသည်။
“ခွေးစစ်ကြောင်းက ရွာတွေကို တောက်လျှောက်ဝင်စီးပြီး တွေ့သမျှ ပစ္စည်းတွေယူတယ်။ ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်ထားတယ်လို့ ကနဦးသိရတယ်။ အဲလိုတွေ အကြမ်းဖက်တာတွေ လုပ်နေတော့ PDF တွေနဲ့ တိုက်ပွဲဖြစ်တာ ၂ ရက်ရှိပြီ။ စစ်ခွေး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်သွားတာ စစ်ခွေးတွေ အသေများတယ်။ ဒဏ်ရာရတာတွေလည်းများတော့ အလံဖြူထောင်တယ်လို့ သိရတယ်။ အလံဖြူထောင်တာက စစ်မှုထမ်း တပ်သားသစ်တွေလို့တော့ ကြားတယ်။ စစ်ခွေး ရဟတ်ယာဉ်တွေနဲ့ ဂျက်ဖိုက်တာတွေက တောက် လျှောက်ကို ဝဲနေတာ ဂျက်ဖိုက်တာကတော့ ဗုံးမကျဲသေးဘူး။ ရဟတ်ယာဉ်ကတော့ တောက်လျှောက်ကို ပတ်ပြီး ပစ်နေတာ အခုထိ ရှိနေတယ်။ ပြည်သူတွေလည်း သောင်းနဲ့ချီတယ်ပြေးနေရတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် ကျောင်းရွာ၊ ရွေးကုန်း၊ ခွက်မ၊ စမ်းဘုတ်၊ ထောက်ကြန့်၊ ပက်တန်း၊ ဂန့်ဂေါ်ပင်၊ ဦးတိုကညင်ပင်၊ အင်ကြင်းကုန်းနှင့် စမ်းတောင်ကွေ့ အုပ်စုတို့ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။