ကမာရွတ် ရဲစခန်းမှ ရဲများ အရပ်သားအသွင်ယူ၍ လှည်းတန်းလမ်းဆုံ၊ အင်း လျား ကန် ဘောင် အပါအဝင် ကမာရွတ်မြို့နယ်အတွင်း လူငယ်များကို ဖမ်း ဆီး ငွေညှစ်မှုများ လုပ်ဆောင်နေ၊ ငွေမပေးလျှင် စစ်ထဲသွင်းမည်ဟု ခြိမ်း ခြောက်

by

in

ကမာရွတ် ရဲစခန်းမှ ရဲများ အရပ်သားအသွင်ယူ၍ လှည်းတန်းလမ်းဆုံ၊ အင်း လျား ကန် ဘောင် အပါအဝင် ကမာရွတ်မြို့နယ်အတွင်း လူငယ်များကို ဖမ်း ဆီး ငွေညှစ်မှုများ လုပ်ဆောင်နေ၊ ငွေမပေးလျှင် စစ်ထဲသွင်းမည်ဟု ခြိမ်း ခြောက်
ရန်ကုန်၊ စက်တင်ဘာ ၁

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ကမာရွတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အရပ်သားအသွင်ယူ၍ မြို့နယ်အတွင်း လူငယ်များကို ဖမ်းဆီးခြင်း စစ်ဆေးခြင်းနှင့် ငွေညှစ်မှုများကို လုပ်ဆောင်နေကြောင်း ဖရဲသီးရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကမာရွတ်မြို့နယ်၊ အမှတ် ၁၄ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် စိုးမင်းပိုင် ဦးဆောင်သော အပေါင်းအပါ ရဲ ၄ ဦးသည် ရဲစခန်း၏ တာဝန်ပေးချက်အရ အရပ်သားအသွင်ယူ၍ ကမာရွတ်မြို့နယ်အတွင်း လှည့်လည်ခြင်း၊ လူငယ်များကို တားဆီးခြင်း၊ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လျှပ်တပြက် ဆန္ဒပြပွဲများ မဖြစ်ပေါ်စေရေးအတွက် အဓိက တာဝန်ယူ ကင်းလှည့်မှုများ ဆောင်ရွက်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လူငယ်များကို ဖမ်းဆီး၍ ကာယကံရှင် မိသားစုထံသို့ ငွေညှစ်မှုများကို အဓိက လုပ်ဆောင်ပြီး ငွေ သိန်းဆယ်ချီ တောင်းယူ နေကြောင်း သိရှိရသည်။
“အဲဒီရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေဖြစ်တော့ အရပ်ဝတ်နဲ့ GZအသွင်ယူတယ်။ လမ်းသွားလမ်းလာတွေ၊ အလုပ်သွား အလုပ်ပြန်လူငယ်တွေကို တားဆီး စစ်ဆေးတယ်။ ဖုန်းတွေကို စစ်တယ်။ ပြီးရင် ဖုန်းထဲမှာ ဘာတွေ့လို့ ဖမ်းတယ်၊ညာတွေ့လို့ဖမ်းတယ်ပြောပြီး ကာယကံရှင်အိမ်တွေကို ဖုန်းဆက် အကြောင်းကြားခိုင်းပြီး ပြန်ရွေးခိုင်းတယ်။ သိန်း ဆယ်ချီ ငွေညှစ်တယ်။ မပေးရင် ပေါ်တာဆွဲမယ်။ စစ်ထဲသွင်းမယ်ဆိုပြီး ခြိမ်းခြောက် ငွေတောင်းတယ်” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။
ကမာရွတ်ရဲစခန်းမှ တာဝန်ပေးထားသော အဆိုပါ ရဲတပ်ဖွဲ့ဝင် ၄ ဦးသည် လိုင်စင်မရှိသော နံပတ်မပါသည့် ဆိုင်ကယ်၂ စီး၊ N E 9005နံပတ်ပါသောဆိုင်ကယ်တစီး တို့ကို ဦးထုပ်မပါဘဲ စည်းကမ်းမဲ့ဗရမ်းပတာ စီးနင်းကာ ကမာရွတ်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်အောင်သုခလမ်း၊စပယ်မာဃ၊အောင်ချမ်းသာ လမ်း၊လှည်းတန်းလမ်းမ၊လှည်းတန်းဂုံးတံတားဟောင်းပေါ်၊၄ ရပ်ကွက်ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်တာဝါ၊ဆင်မလိုက်ဈေးရှေ့၊သင်္ဘောကျင်း ဝန်ထမ်းအိမ်ရာဝင်း၊ ကွမ်းခြံ၁လမ်းမှ ၇လမ်း၊ အမှတ် ၃ ရပ်ကွက်ပတ္တမြားလမ်း၊ ခိုင်ရွှေဝါ(ဗဟိုလမ်း)၊လှည်းတန်းဘူတာပတ်ဝန်းကျင်၊ဘူတာပလက်ဖောင်း ၊မြနီလာလမ်း၊၁ရပ်ကွက်ရတနာလမ်း၊အောင်မြေသာစည်အိမ်ရာ၊၃ရပ်ကွက် ရတနာလမ်း၊မြနန္ဒာလမ်း၊မြသိင်္ဂါလမ်း၊ မြသီတာလမ်း၊လှည်းတန်းပေ၅၀လမ်း၊ထန်းတပင်လမ်း၊ထန်းတပင်အနောက်ပိုင်းလမ်း၊လှည်းတန်း၃လမ်း၊၄လမ်း၊၆လမ်း၊ ၁ ရပ်ကွက် ဦးထွန်းလင်းခြံလမ်း၊ အင်ယားကန်ဘောင်တဝိုက်စသောနေရာများတွင် လှည့်လည် စစ်ဆေး ငွေညှစ်မှုများကို လုပ်ဆောင်ကြောင်း၊ အဓိကအားဖြင့် လူငယ်များကို ပစ်မှတ်ထား၍ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
ယင်းရဲတပ်ဖွဲ့ ၄ ဦးက ငွေညှစ်ရရှိသော ငွေကြေးများကို မြို့နယ်မှူး၊ စခန်းမှူး၊စစ်တပ်မှ လုံခြုံရေး အရာရှိတို့ကို ကန်တော့ကြေး(ခ) ဂါကြေးဟု ဆိုကာ ပုံမှန် လစဉ် ပေးရလေ့ရှိကြောင်း၊ ထို့ကြောင့် ကမာရွတ်မြို့နယ်တွင်ပင် ဆက်လက် တည်မြဲနေပြီး အပြောင်းအရွှေ့လည်း လုပ်ဆောင်ရခြင်းမရှိကြောင်း သိရှိရသည်။
ကမာရွတ်မြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် စိုးမင်းပိုင် သည် အမှတ် ၃ ရပ်ကွက်နယ်ထိန်း ထွန်းလုံရှိန် သင်တန်းသွားစဉ် ယာယီနယ်ထိန်းအဖြစ် တာဝန်ထမ်းဆောင်စဉ်ကလည်း ရပ်ကွက်ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခံမှုများ ကျူးလွန်ခဲ့ကြောင်း၊ လူငယ်များကို ငွေညှစ်ရာတွင် ရဲ ၄ ဦးနှင့်အတူ တွဲဖက်အဖြစ် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်သတင်းပေး မူးယစ်ဆေးဝါး ရောင်းချသူ ပြည့်အောင် တို့ပါ ပါဝင်လေ့ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကမာရွတ်ရဲစခန်းနှင့်ကမာရွတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)