လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း စတင်ဝင်ရောက်လာ (ရုပ်သံ)

by

in

လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း
စတင်ဝင်ရောက်လာ (ရုပ်သံ)
ဧပြီ၂၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

MNDAAတပ်ဖွဲ့များဆုတ်ခွာသွားသည့်လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်း ယနေ့(ဧပြီ-၂၂) နံနက်ပိုင်း၌ စတင်ဝင်ရောက်လာသည်။
နမ့်ပေါင်ရွာဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး မိုးကာအုပ်ကားအစီးရေ ၅၀ ထက်မနည်းပါဝင်ကြောင်း မြို့ခံတစ်ဦးကပြောသည်။
“အခြေအနေကတော့ စိတ်မသန့်သလိုပဲဗျာ။ ဘာဆက်ဖြစ်မလဲမသိပါဘူး”ဟုမြို့ခံကပြောသည်။
စစ်ကောင်စီ​ထောက်ခံသူအချို့ကမူ စိုးရိမ်စရာမရှိကြောင်းရေးသား​နေကြသည်။ပြန်ဝင်လာသူများသည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာန
ချုပ်(ရမခ)ဘက်သို့ ဦးတည်ဝင်ရောက်သွားသည်ဟုဒေသခံများကပြောသည်။
တရုတ်အကူအညီဖြင့် လားရှိုးမြို့သို့ စစ်ကောင်စီတပ်ပြန်ဝင်လာပြီးနောက် လားရှိုးမြို့တော်ခန်းမရှေ့တွင်လွှင့်ထူထားသော MNDAAနှင့် ကိုးကန့်အထူးဒေသ (၁)အလံကိုဧပြီလ၂၁ ရက်ကဖြုတ်ချခဲ့သည်။ထို​နောက် ဧပြီ ၂၂ ရက်​နေ့တွင်စစ်ကောင်စီအင်အားအများအပြား ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်းသည် လားရှိုးမြို့သို့ ရောက်နေသည်။တိန့်ရွှီကျွင်း၊စစ်ကောင်စီအမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် MNDAA
အထွေထွေအတွင်းရေးမှူး နှင့် စစ်ဦးစီးချုပ်တို့
သည် က လားရှိုးမြို့၌တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့​သော်ဆွေးနွေးပွဲရလဒ်ကိုမသိရသေးပေ။
ကနဦးတွင် လားရှိုးမြို့ကို ဇွန်လကုန်မတိုင်ခင်လွှဲ​ပြောင်း​ပေးရန် တရုတ်ကဖိအား​ပေး​ကြောင်းသတင်းထွက်​ပေါ်ခဲ့​သော်လည်း စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး​နောက် ညီ​နောင်မဟာမိတ် သုံးဖွဲ့က ယာယီအပစ်ရပ်ကာလကို ဧပြီ တစ်လ​ကြေညာပြီး စစ်​ကောင်စီက အပစ်ရပ်ကာလ ဧပြီ ၂ ရက်မှ ၂၂ ရက်​ကြေညာထားကာ စစ်​တပ်အပစ်ရပ်​နောက်ဆုံးရက်တွင် စစ်ကားတန်းလားရှိုးမြို့သို့ဝင်​ရောက်ခဲ့ခြင်းဖြစ်သည်။
ရမခ အပါအဝင် လားရှိုးမြို့ကို MNDAA နှင့်မဟာမိတ်များက၂၀၂၄ သြဂုတ်လ ၃ ရက်​နေ့တွင် အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားအသက်သွင်းနေစဉ် တရုတ်၏ ဖိအားကြောင့် MNDAA ပြန်ဆုတ်ခွာရပြီး စစ်ကောင်စီက ပြန်ဝင်လာခြင်းဖြစ်သည်။
တရုတ်အစိုးရက မြန်မာအ​ရေးကိုထိုသို့ဝင်​ရောက်စွက်ဖက်​နေ​သော်လည်း တရုတ်နိုင်ငံခြားရေးဝန်
ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က
တရုတ်အစိုးရမှာ အခြားတိုင်းပြည် ၏ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်​သောမူကို လိုက်နာ​နေကြောင်း​ပြောသည်။
“တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ ရင်းနှီးချစ်ကြည်တဲ့ အိမ်နီးချင်းတွေပါ။ မြန်မာ့အရေးအပေါ် တရုတ်ရဲ့ရပ်တည်ချက်က အလွန်ကိုပဲ ရှင်းလင်းပါတယ်။ ကျွန်တော်တို့ဟာ တခြားတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့မူကို လိုက်နာပါတယ်”ဟုGuo Jiakun က ဧပြီ ၂၁ ရက်တွင်ပြုလုပ်​သောတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ၌​​ပြောကြားသည်။
(စစ်​ကောင်စီတပ်ယာဥ်တန်းဧပြီ ၂၂ ရက်​နေ့ကလားရှိုးမြိုသို့ဝင်လာစဥ်။ရုပ်သံ-Padang Shingni)