ကလေးမြို့ တောင်ပိုင်းရှိ စစ်တပ်နှင့် ပျူစောထီး စခန်း ၅ ခု တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်သား အလောင်း ၅၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိ
ဧပြီ ၂၁
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းရှိ စစ်နှင့် ပျူစောထီး စခန်း ၅ ခု သိမ်းပိုက်မှုတွင် အကြမ်းဖက်စစ်သားအလောင်း ၅၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့ကြောင်း CDF – KKG ဥက္ကဋ္ဌ ဆလိုင်းဇာဘွေထောင်က CDF-KKG Major Operations နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် CDF-KKG Major Operations နှင့် ဆက်စပ်သည့် သတင်းစာရှင်းလင်းပွဲကို CNF/ CAN, CDF- KKG တို့က ပူးပေါင်း၍ ကျင်းပသည်။
“ကန်းပါးနီစခန်းမှာ အလောင်းတွေ့ခဲ့တာက ၁၅ လောင်း ရှိပါတယ်။ ပြီးတော့ မှန်တောနဲ့ အောင်သာယာမှာဆိုရင် ၁၅ လောင်းတွေ့ခဲ့ပါတယ်။ နောက်ဆုံး ကြံသာမှာ ဆိုရင် ၁၅ လောင်းကျော်။ စုစုပေါင်း ရန်သူ့အလောင်းကိုတော့ ကျွန်တော်တို့ အနေနဲ့ တွေ့တာဆိုရင် ၅၀ ကျော်ရှိပါတယ်” ဟု CDF – KKG ဥက္ကဋ္ဌ ဆလိုင်းဇာဘွေထောင်က ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် ကလေးမြို့ တောင်ပိုင်းရှိ တိုက်ပွဲများအတွက် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၁၅ ဦး နှင့် ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
CDF-KKG Major Operations တွင် မဟာမိတ် ၁၂ ဖွဲ့ ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ပြီး အတူတကွ ပူးပေါင်း၍ စစ်ဆင်ရေးများလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ။ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး ရည်မှန်းချက် ချထားပြီး ပြင်ဆင်မှုများလည်း လုပ်ဆောင်နေကြောင်း CND / CAN ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
ထို့ပြင် တော်လှန်ရေးတပ်များအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ကာကွယ်ရန် တာဝန်ရှိကြောင်း၊ လေ ကြောင်းရန် သတင်းလက်ဦးမှု ရရှိရန် လုပ်ဆောင်နေကြောင်း၊ လေယာဉ်များသည် မြေပြန့်မှာ လာသည်ဖြစ်၍ သတင်းလက်ဦးမှု ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း CND / CAN ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထိုသို့ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ရန် ပြင်ဆင်ထား သည်များရှိပြီး ပြည်သူများအတွက် လေကြောင်းရန် ကာကွယ်ရန်အတွက် အသိပညာပေး၊ Training ပေးသည့် Mobile Team များလည်း ထားရှိထားကြောင်း CDF – KKG ဥက္ကဋ္ဌက ပြောကြားသည်။