ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် နိုင်ငံတကာက ပေးပို့သော အရေးပေါ် ရိက္ခာ၊ ဆေးဝါး အပါအဝင် ကယ်ဆယ်ကူညီရေး ပစ္စည်းများကို စစ်ကောင်စီက ဖြန့်ဝေခြင်းမရှိဘဲ နေပြည်တော်တွင် စုပုံထား

by

in

ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် နိုင်ငံတကာက ပေးပို့သော အရေးပေါ် ရိက္ခာ၊ ဆေးဝါး အပါအဝင် ကယ်ဆယ်ကူညီရေး ပစ္စည်းများကို စစ်ကောင်စီက ဖြန့်ဝေခြင်းမရှိဘဲ နေပြည်တော်တွင် စုပုံထား
ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းငလျင်ကြီးကြောင့် အတိဒုက္ခရောက်နေရသည့် မြန်မာပြည်သူများအ တွက် နိုင်ငံတကာက ပေးပို့သော အရေး ပေါ် ကယ်ဆယ်ရေး ရိက္ခာ၊ ဆေးဝါး အပါအဝင် အကူအညီ ပစ္စည်းများကို အကြမ်းဖက်စစ်ကောင်စီက ဖြန့်ဝေ ခြင်းမရှိဘဲ နေပြည်တော်တွင် စုပုံထားရှိကြောင်း ငလျင်ဘေးကူညီရေး စစ်ကောင်စီနှင့်တွဲဖက်လုပ်ကိုင်နေရသော ပြည်တွင်း အကူအညီပေးရေးသမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုများ ကြုံတွေ့ခဲ့ရသော မြန်မာပြည်သူများအတွက် နိုင်ငံတကာက အရေးပေါ် ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ ဆက်တိုက် ပေးပို့လျက်ရှိကြောင်း၊ သို့ရာတွင် စစ်ကောင်စီက အဆိုပါ ကူညီရေးနှင့်ကယ်ဆယ်ရေး ပစ္စည်းများကို ပြည်သူများထံသို့ ဖြန့်ဝေခြင်းမပြုဘဲ အများစုကို နေပြည်တော်တွင် စုပုံထားရှိကြောင်း သိရှိရသည်။
“နိုင်ငံတကာ ပေးပို့နေတဲ့ တန်နဲ့ချီတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ငလျင်ဘေးသင့် ပြည်သူတွေကို မဖြန့်ဝေဘဲ နေပြည်တော်မှာ စုပုံထားပါတယ်။ နေပြည် တော်က ဝန်ကြီးဌာန ရုံးရှေ့ကွင်းပြင်တွေနဲ့ တချို့ကို အားကစားကွင်းမှာလည်းထားပါတယ်။ ရုံးဆိုတာက နေပြည်တော်ကောင်စီနဲ့ လူကယ်ပြန်ဌာနရုံးတွေမှာပါ။ လေဆိပ်မှာကတော့ ရက်ပိုင်းလောက်ပဲ ထားပြီး ရုံးတွေဘက်နဲ့ အားကစားကွင်းတွေဘက်ကို ပစ္စည်းတွေရွှေ့ပါတယ်” ဟု စစ်ကောင်စီနှင့်တွဲဖက် လုပ်ကိုင်နေရသော ပုဂ္ဂလိကစေတနာဝန်ထမ်း ကယ်ဆယ်ရေးသမားက ရှင်းပြသည်။
စစ်ကောင်စီက ငလျင်ဘေးကူညီရေးအတွက် လုပ်ကိုင်လိုသူများအားလုံး ခွင့် ပြုချက်ဖြင့် လုပ်ကိုင်ရန် အမိန့်ထုတ်ထားပြီး ခွင့်ပြုချက်မရှိလျှင် မည်သည့် ကူ ညီကယ်ဆယ်ရေးကိုမှ လုပ်ခွင့်မရှိကြောင်း တားမြစ်ကန့်သတ်ထားသဖြင့် ကူ ညီရေးအဖွဲ့အားလုံးမှာ စစ်ကောင်စီထံတွင် အကြောင်းကြား ခွင့်ပြုချက် ရယူ လုပ်ကိုင်နေရသည်။
နိုင်ငံတကာက ပေးပို့သည့် အရေးပေါ် ကူညီ ကယ်ဆယ်ရေးပစ္စည်းများမှာ အချိန် မီ ဖြန့်ဝေခြင်းမပြုလျှင် လေ လွင့် ပျက်စီးနိုင်သော ရေတိုအသုံးပြုရသည့် ပစ္စည်းများ ပါဝင်ကြောင်း၊ ဥပမာအားဖြင့် ဆေးဝါးနှင့် ရိက္ခာများ သည် ရေတို ချက်ချင်း အသုံးပြုရမည့် ပစ္စည်းများပါဝင်ပြီး ကယ်ဆယ်ရေးပစ္စည်းများကို တာလပတ်ဖြင့် အုပ်ကာ စုပုံထားခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းက ရှင်းပြသည်။
“ပစ္စည်းတွေလေလွင့်ပျက်စီးကုန်မှာစိုးရိမ်ပါတယ်။ ပစ္စည်းတွေကိုဒုက္ခရောက်နေတဲ့သူတွေဆီအမြန်ဆုံးပို့စေချင်ပါတယ်။ ဒီနေ့စာရင်းအရ သူတို့ဆီမှာကယ်ဆယ်ရေးပစ္စည်းတန် ၃၀၀၀ ကျော်ရှိနေတာ သူတို့ကိုယ်တိုင်လည်း မစီမံနိုင်ပါဘူး။ အဲဒီစ္စည်းတွေမှာ တချို့ကိုလည်း ဝေတာက နေပြည်တော်အတွင်းမှာပဲ ဝေတာ။ ငလျင်ဘေးသင့် မန္တလေးနဲ့ စစ်ကိုင်းကို မရောက်ပါဘူး။ ပျဉ်းမနားထဲမှာတောင် ကယ်ဆယ်ရေးစခန်းစနစ်တကျစီမံဆောင်ရွက်တာမျိုးမရှိပါဘူး။ မန္တလေးမြို့ပေါ်လည်း မရောက်ပါဘူး။ အခုငလျင်ဖြစ်တာ ၃ပတ် ကျော်ပြီ။ နိုင်ငံတကာကပေးတဲ့ပစ္စည်းတွေမှာ အစားအသောက်၊ ဆေးဝါးတွေပါပါတယ်။ သက်တမ်းကုန်ဆုံးရက်ရှိတဲ့ပစ္စည်းတွေပါသလို စနစ်တကျထိန်းသိမ်းထားရမယ့်ပစ္စည်းတွေပါပါတယ်။ ဒါတွေက လက်ရှိစကစရဲ့ လက်အောက်အဖွဲ့အစည်းတွေ စီမံခန့်ခွဲမှုနဲ့ အလေအလွင့်ဖြစ်၊ အကူအညီတွေကို တခြားနေရာတွေမှာ အလွဲသုံးတာတွေအများကြီးဖြစ်လာနေတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပွားချိန်ကလည်း နိုင်ငံတကာက ပေးပို့သော ကယ် ဆယ် ရေးပစ္စည်းများကို အချိန် ဖြန့်ဝေခြင်းမပြုဘဲ လူကယ်ပြန်ဦးစီးဌာန၏ ဂိုဒေါင်ထဲတွင် စုပုံထားခဲ့သည့် ဥပမာများရှိကြောင်း ၎င်းက ဆိုသည်။
“နာဂစ်တုန်းထဲက မသုံးဘဲထားတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ လူကယ်ပြန်သိုလှောင်ရုံထဲမှာပဲ စုပုံထားခဲ့သလိုမျိုး အခုငလျင်ဘေးအတွက်ပေးတဲ့ပစ္စည်းတွေကိုလည်း မထောက်ပံ့ဘဲထားနေတယ်။ ပြီးတော့ စစ်တပ်ခွင့်ပြုချက်ရမှ ထောက်ပံ့မှုလုပ်ရတာမို့ ဘေးသင့်သူအားလုံးတပြေးညီရဖို့မသေချာပါဘူး။ နိုင်ငံတကာကလည်း ကယ်ဆယ်ရေးပစ္စည်း တွေ ပျက်စီးသွားလား။ ဒုက္ခရောက်နေသူတွေတကယ်ရလား ဘယ်အဖွဲ့ကမှလိုက်မစစ်ဆေးနေကြပါဘူး လူသားချင်းစာနာမှုနဲ့ ရင်းနှီးချစ်ကြည်မှုကိုပြဖို့နှောင်ကြိုးမဲ့ပေးတဲ့အကူအညီတွေပါ။ ဒါပေမယ့် လူသားချင်းစာနာမှုအကူအညီပေးတဲ့အခါမှာ အလှူရှင်တွေဖြစ်တဲ့ သူတို့နိုင်ငံသူ/သားတွေရဲ့အခွန်ငွေတွေ၊ ငလျင် ဒုက္ခသည်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာဖြစ်ပါ။ အခုက စကစလက်ထဲ အားလုံး ပုံအပ်ထားတာက မျက်နှာလွှဲ ခဲပစ်ဆိုသလိုဖြစ်နေပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ငလျင်ဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးများကို စောင့်ကြည့်မည့် နိုင်ငံတကာပါဝင်သော စောင့်ကြည့်ရေးအဖွဲ့အစည်းကြီးတစ်ခုလိုအပ်နေကြောင်း၊ ငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီရေးမှာ တစ်ခဏတာ မဟုတ်ဘဲ ရေရှည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စောင့်ကြည့်ရေး ယန္တရား မဖြစ်မနေ လိုအပ် ကြောင်း ၎င်းက ဆိုသည်။
“နေပြည်တော်ထဲက ဝန်ထမ်းတွေတောင် ကယ်ဆယ်ရေးတဲမရှိလို့ လမ်းဘေးမှာ စောင်ကာ၊ တာပေါ်လင်ကာပြီးနေကြရတာပါ။ သူတို့နေရာချပေးတဲ့ကစားကွင်းနေရာတွေနဲ့ရုံးတချို့အနားတွေမှာလည်း ပစ္စည်းတွေအကုန်ထားခဲ့ပြီး မသွားနေနိုင်ကြဘူး။ ကိုယ်လည်း မပေး။ သူများလည်း မရစေချင်တဲ့ စစ်တပ်က ယုံကြည်စိတ်ချရပါ့မလား။ နိုင်ငံတကာအနေနဲ့ ဘယ်လို ဆက်လုပ်သင့်သလဲ။ သူတို့ဝန်ထမ်းတွေအတွက်တောင် စနစ်တကျမစီမံနိုင်တာ တိုင်း ၄ ခု ပြည်နယ် ၁ ခုက ဒုက္ခသည်တွေကို ဘယ်လိုစီမံနိုင်မှာလဲ။ ကိုယ်လည်း မပေး။ သူများလည်း မရစေချင်တဲ့ စစ်တပ်က ယုံကြည်စိတ်ချရပါ့မလား။ နိုင်ငံတကာအနေနဲ့ ဘယ်လို ဆက်လုပ်သင့်သလဲ။ အလှူရှင်နိုင်ငံတွေက သူတို့လှူထားတဲ့ပစ္စည်းတွေကို အမှန်တကယ်ဖြန့်ဖြူးပေးလား၊ ဘယ်သူတွေကို ဘယ်နေရာမှာပေးလိုက်လဲဆိုတာကိုစောင့်ကြည့်အကဲဖြတ်တဲ့စနစ်ထားဖို့လိုပါတယ်။ စကစထိန်းချုပ်ဒေသတွေမှာ တကယ်ဒုက္ခရောက်ပြီး သူတို့ဆီက ဘာအကူအညီမှမရတဲ့သူတွေအနေနဲ့ သတင်းပို့တိုင်ကြားနိုင်တဲ့ ယန္တရားတွေ။ အစီအစဉ်တွေလုပ်ဖို့လိုပါတယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာ လူ သားချင်းစာနာမှုအကူအညီ တန်ချိန် ၃၇၀၀ ကျော်ရောက်ရှိလာကြောင်း၊ တရုတ်နိုင်ငံက ကား ၂၃ စီး၊ အိန္ဒိယနိုင်ငံက သင်္ဘောငါးစီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သင်္ဘောတစ်စီးတို့ ရောက်ရှိခဲ့ကြောင်း၊ ထောက်ပံ့ပစ္စည်း ၂၅၁၄ ဒသမ ၆ တန်နဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၁၉၇ ဒသမ ၁၂ တန် စုစုပေါင်း ၃၇၁၁ ဒသမ ၇၂ တန်ရောက်ရှိကြောင်း သိရှိရသည်။