သဘာဝဘေးများကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ဟု စစ်ခေါင်းဆောင်ပြောပြန်
20 Apr 2025 By Mg Dagon / MPA
မြန်မာနိုင်ငံအတွင်း မတ် ၂၈ ရက်ငလျင်ကြီးအပါအဝင် နှစ်စဉ်သဘာဝဘေးဒဏ်ကျရောက်ခဲ့သော်လည်း အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပြန်သည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလအတွင်းက မိုခါမုန်တိုင်းဝင်ရောက်ခဲ့ချိန်နှင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ယာဂီမုန်တိုင်းဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့သော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။
ထို့အပြင် ငလျင်ဘေးကိုလည်း နေပြည်တော်အခြေအနေပေါ်မူတည်၍ ငလျင်ဒဏ်သင့်ဒေသများကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီးနောက် ချက်ချင်း Video Message ရိုက်ကူး၍ ပြည်တွင်းနှင့် နိုင်ငံတကာသို့ အသိပေးခဲ့သည့်အတွက် နိုင်ငံတကာမှလည်း အကူအညီများ အချိန်ပိုင်းအတွင်း အမြန်ဆုံးပေးပို့ခဲ့သဖြင့် အချို့ပိတ်မိနေသူများကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မင်းအောင်လှိုင်က ပြောသည်။
“အားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြတဲ့အတွက် ယခုအခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်” ဟု စစ်ကောင်စီခေါင်းဆောင်က ယမန်နေ့ ဧပြီ ၁၉ ရက်က စစ်ကိုင်းနှင့် မန္တလေးသို့ရောက်နေချိန် ပြောကြားသည်။
သို့သော် မည်သည့်အခြေအနေကို ရောက်ရှိနေပြီဆိုသည်ကိုမူ ၎င်းက ထည့်သွင်းပြောကြားသွားခဲ့ခြင်းမရှိပေ။
“အခု ငလျင်စီးပွားရေးပျက်စီးမှုက အနိမ့်ဆုံး ကန်ဒေါ်လာ ဆယ်ဘီလျံကနေ တစ်ရာဘီလျံအထိရှိတယ်။ မြန်မာနိုင်ငံ GDP က ကန်ဒေါ်လာ ခုနစ်ဆယ်ဘီလျံလောက်ပဲရှိတယ်။ အခုက အရေးပေါ်ကယ်ဆယ်ရေးပဲ ရှိသေးတယ်။ ပြန်လည်ထူထောင်ရေး မလုပ်နိုင်လောက်ဘူး။ နာဂစ်တုန်းက စီးပွားရေး ပျက်စီးမှုက ကန်ဒေါ်လာ လေးဘီလျံလောက်ပဲ ရှိတယ်။ မတူဘူး” ဟု အမည်မဖော်လိုသည့် ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
ထို့အပြင် နိုင်ငံတကာ၏ အကူအညီပေးနိုင်မှုမှာလည်း အဓိကအလှူရှင်နိုင်ငံကြီးဖြစ်သည့် အမေရိကန်ပြည်ထောင်စုက USAID ၏ အလှူငွေများရပ်တန့်လိုက်ခြင်းကြောင့် ယခင်ကကဲ့သို့ များပြားစွာရနိုင်ခြေမရှိကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
“အခုချိန်မှာ နိုင်ငံတကာကူညီရေးစနစ်က ပျက်နေပြီ။ ကုလလည်း များများမပေးနိုင်တော့ပါဘူး။ အခုရတာ စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၉၀လောက် ရှိနိုင်တယ်။ နောက် ၁၀၀ လောက် ရပြီးရင် ရပ်သွားမှာပါ” ဟု အဆိုပါကျွမ်းကျင်သူက ပြောသည်။
ထို့အပြင် ငလျင်ဒဏ်အကြီးအကျယ်ခံခဲ့ရသည့် စစ်ကိုင်းနှင့် မန္တလေးတို့တွင် ငလျင်လှုပ်အပြီး ၂၄ ရက်ကြာမြင့်သည်အထိ မည်သည့်အပြောင်းအလဲမျှဖြစ်ပေါ်ခြင်းမရှိသေးကြောင်း ပြောသည်။
“ဘယ်လိုအခြေအနေကို ပြောချင်တာလဲမသိဘူး။ ဒီမှာခံစားနေရတာကတော့ အလူးအလဲပဲ။ အိမ်ခြေရာမဲ့ဖြစ်တဲ့အပြင် အခုထိ လမ်းပေါ်မှာ အိပ်၊ လမ်းပေါ်မှာ စားနေရတဲ့အခြေအနေပါ” ဟု ငလျင်ဘေးအကြီးမားဆုံးသင့်ခဲ့ရသည့် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် အကူအညီများ အလျင်အမြန်မရောက်ရှိခဲ့၍ လူအသေအပျောက်များစွာ ဖြစ်ပေါ်ခဲ့ရပြီး စက်ပစ္စည်းကိရိယာနှင့် ကူညီကယ်ဆယ်ရေးများကို ကြိုတင်လေ့ကျင့်ထားမှုမရှိသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ရသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။
“အများကြီးတော့ မပြောချင်ပါဘူး။ ကျတော်တို့ လက်ရှိအချိန်ထိ တတ်နိုင်သလောက် ကူညီပေးနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့အနေအထား ဘာမှမရှိပါဘူး။ တကယ်တမ်းက နိုင်ငံတကာကယ်ဆယ်ရေးသမားတွေ၊ ပြည်တွင်းပရဟိတသမားတွေ၊ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အထဲက လွတ်မြောက်ခဲ့သူတွေရဲ့ အားကြောင့်ပဲ ဒီလိုအခြေအနေကို ရောက်လာတာလို့ပဲပြောချင်ပါတယ်” ဟု ငလျင်ဒဏ်သင့် မန္တလေးနှင့် စစ်ကိုင်းမြို့တို့သို့ သွားရောက်ကူညီကယ်ဆယ်ပေးနေသည့် မြဝတီမြို့မှ ပရဟိတသမားတစ်ဦးက ပြောသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ငလျင်ဘေးဒဏ်ပြန်လည်ထူထောင်နိုင်ရေး စစ်ကိုင်းတိုင်းအတွက် ကျပ် ၅၀ ဘီလျံနှင့် မန္တလေးတိုင်းအတွက် ကျပ် ၆၀ ဘီလျံ ပေးအပ်ခဲ့သည်ဟု ကြေညာသည်။
ထို့အပြင် ကျိုးကျပျက်စီးခဲ့ရသည့် စစ်ကိုင်းမြို့(အင်းဝ)တံတားဟောင်းကို လာမည့်မိုးရာသီမတိုင်မီ ဖယ်ရှားရန် လုပ်ဆောင်နေပြီး ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောသည်။
စစ်ကိုင်းနှင့် မန္တလေးတို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့်သွပ်များကို စစ်ကောင်စီက သင့်လျော်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး လူနေအိမ်အမျိုးအစားများအလိုက် သင့်လျော်သည့်နှုန်းထားများဖြင့် ငွေကြေးထောက်ပံ့ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
တဖန် နေပြည်တော်တွင် ဧပြီ ၁၈ ရက်နေ့ကပြုလုပ်ခဲ့သည့် စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း ပြောခဲ့သလို အဆောက်အအုံ၊ လမ်းတံတားများကို ရစ်ချ်တာစကေး ၈ အဆင့်ထိခံနိုင်သည်အထိ တည်ဆောက်ကြရန် ယမန်နေ့က စစ်ကိုင်းနှင့် မန္တလေးရောက်ရှိခဲ့သည့် စစ်ခေါင်းဆောင်က ထပ်မံပြောဆိုသည်။
ထို့နောက် စစ်ကိုင်းမြို့ရှိ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးကို ခုတင် ၃၀၀ ဆံ့သို့လည်းကောင်း၊ စစ်ကိုင်းမြို့ နှစ် ၇၀၀ အားကစားကွင်းကိုလည်း ပွဲကြည့်စင်ပါဝင်သည့် အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်မည်ဖြစ်ကြောင်း ငလျင်ဒဏ်ခံနေရသည့် စစ်ကိုင်းလူထုကို စစ်ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငလျင်ဒဏ်အကြီးအကျယ်ခံစားခဲ့ရသော စစ်ကောင်စီတပ် ရုံးများစိုက်ထားသည့် နေပြည်တော်တွင် ငလျင်ကြောပေါ်က အဆောက်အအုံများကို လွတ်ရာသို့ရွှေ့ပြောင်းတည်ဆောက်မည်ဖြစ်ပြီး မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားရန်စီစဉ်နေသည်ဟု ဧပြီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။
စစ်ကောင်စီခေါင်းဆောင်သည် ထိုကဲ့သို့ ဝါဒဖြန့်သည့် စကားများကို မကြာခဏ ပြောကြားလေ့ရှိပြီး ယမန်နှစ်များကလည်း NLD အစိုးရလက်ထက်ထက် ၎င်းအာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေးပိုမိုတိုးတက်လာသည်ဟု ပြောကြားမှုများ ပြုလုပ်ခဲ့သေးသည်။
စာတည်း-ကိုဆန်း
#မင်းအောင်လှိုင် #သဘာဝဘေး #အောင်မြင်စွာကျော်ဖြတ် #MPA #Mg_Dagon
