လေးမျက်နှာ ပန်းတောကြီးရွာကို AA ပူးပေါင်းတပ် သိမ်းပိုက်

by

in

လေးမျက်နှာ ပန်းတောကြီးရွာကို AA ပူးပေါင်းတပ် သိမ်းပိုက်
ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၅
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ပန်းတောကြီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ ယမန်နေ့၌ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့ ပန်းတောကြီးရွာကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “ပန်းတောကြီးမှာ စစ်ကောင်စီဘက် အတော်အထိနာပြီးတော့ ဆီဆုံကုန်းဘက်ကို တပ်ဆုတ်သွားတာ။ အခုညနေ အဲဒီဘက်မှာ တိုက်ပွဲထပ်ဖြစ်နေတယ်” ဟု ဆိုသည်။
ပန်းတောကြီးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု ဒေသခံတချို့က ပြောသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီ တပ်ဆုတ်သွားသည့် ဆီဆုံကုန်းရွာသည် ပန်းတောကြီးနှင့် လေးမျက်နှာမြို့ကို ဆက်သွယ်ထားသောလမ်းမပေါ် ရှိပြီး ပန်းတောကြီးနှင့် ၂ မိုင်ကျော်သာ ကွာဝေးသည်။
လေးမျက်နှာဒေသခံ အမျိုးသမီးတဦးကလည်း ဆီဆုံကုန်းဘက် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ “၅ ခွဲလောက် စကြား ရတာ။ ၆ နာရီလောက်ကျ ကြမ်းလာရော။ လက်နက်ကြီးသံရော၊ အသေးသံတွေပါ ကြားရတာ။ ပုံမှန်ဆို လက်နက်ကြီးသံပဲ ကြားရတာ။ အခုကြားရတာ ပိုကျယ်တယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ပန်းတောကြီးရွာ၊ ဆီဆုံကုန်းရွာများသည် ငဝန်မြစ်အနောက်ဘက်ခြမ်းတွင် ရှိသော်လည်း ငဝန်မြစ်အရှေ့ဘက်ကမ်းရှိ လေးမျက်နှာမြို့နှင့် ၁၀ မိုင်အောက်အကွာလောက်သာ ရှိတော့ကြောင်း ဒေသခံ များက ဆိုသည်။
AA နှင့် ပူးပေါင်းတပ်များသည် ပြီးခဲ့သည့်လကလည်း ဧရာဝတီတိုင်းနှင့် ရခိုင်ရိုးမအစပ်ရှိ လေးမျက်နှာကျေးရွာများကို ထိုးစစ်ဆင်ခဲ့ပြီး ကျေးရွာတချို့အား သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ လက်ရှိတွင် ပုသိမ်-မုံရွာကားလမ်းဘေးထိ ထိုးစစ်အရှိန် ရောက်ရှိလာခြင်း ဖြစ်သည်။
ပုံစာ – ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲများအတွင်း တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ/ AA Info Desk