အထွေထွေထိုးစစ်ကြီးဆင်နွှဲရန်အတွက် မဟာမိတ်တော်လှန်ရေးအင်းအားစုများနှင့် ညှိနှိုင်းပြင်ဆင်နေဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော
ရန်ကုန်၊ ဧပြီ ၁၇
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်ဆင်ကြီးဆင်နွှဲရန် မဟာမိတ်တော်လှန်ရေး အင် အားစုများနှင့် ညှိနှိုင်းပြင်ဆင်နေကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြောကြားသည်။
မတ်လ ၂၅ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ် ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ဧရာဝတီ) ၊ အမှတ် ၂၉ ဗျူဟာ (AYA PDF) ၊ အပတ်စဉ် ၅ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ အွန်လိုင်းမှ မိန့်ခွန်းပြောကြားရာတွင် ၎င်းက အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“စစ်မဟာဗျူဟာအရ အဆင့် ၃ ဆင့်ကို ဖြတ်သန်းယူကြရတယ်။ ပထမ အဆင့်အနေနဲ့ တစ်နိုင်ငံလုံး ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးပမ်းခဲ့ကြတယ်။ အခုဆိုရင်ဒေသတိုင်းမှာတပ်တည်ဆောက် မှု၊ တပ်ဖြန့်နေရာယူမှုဟာ အတိုင်းအတာတစ်ခုအထိ ပြီးမြောက်ခဲ့ပြီလို့ ပြောနိုင်တယ်။ဧရာဝတီတိုင်း သားတွေရဲ့အိမ်ပြန်ခရီးကတော့ ငါတို့ရဲ့ကွက်အပြည့်မဟာဗျူဟာကို ပြည့်စုံစေခဲ့တယ်။ ဒုတိယ အ ဆင့်အနေနဲ့ မဟာဗျူဟာထိုးစစ်ဆင်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲကြရတာပဲ။ အခုရဲ ဘော်တို့ဟာ ဒီအဆင့်ကိုဖြတ်သန်းနေကြတာဖြစ်တယ်။ တတိယ အဆင့်အနေနဲ့ တနိုင်ငံလုံး အထွေ ထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲကြရဖို့ပဲ ဖြစ်လိမ့်မယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ ဟာ ဒီအထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင် ကြိုးပမ်း နေကြတယ်ဆိုတာ အသိပေးလိုတယ်။”ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြော ကြားသည်။
ယင်းထိုးစစ်ကြီးတွင် ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသသည် အရေးကြီးသည့် စစ်မျက်နှာတစ်ခု အဖြစ် ပါဝင်မည်ဖြစ် ကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသသားများသည် အမိန့်နာခံမှု၊ စစ်ဖက်ဆိုင်ရာ ကျင့် ဝတ်စည်းကမ်းလိုက်နာမှု၊ တိုက်စွမ်းရည်ကောင်းမွန်မှုတို့ကို မဟာမိတ်တော်လှန်ရေးတပ်မှူးများက ချီးကျူးပြုထားကြပြီဖြစ်သဖြင့် ဧရာ ဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ၏ စစ်မျက်နှာအတွက် တာဝန်ကျေ ပွန်စွာ ထမ်းရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက အသိပေးထားသည်။
“အနှစ် ၇၀ ကျော်တည်ဆောက်ထားတဲ့ ဒီအကြမ်းဖက်လက်နက်ကိုင် အဖွဲ့ကြီးကို ၄ နှစ်သား PDF က ဦးကျိုးအောင်ချိုးပစ်နိုင်ခဲ့တယ်ဆိုတာက ရဲဘော်တို့ရဲ့ လက်ရုံးရည် ၊ နှလုံးရည်ထူးချွန်ထက်မြက် မှုကို ဖော်ပြနေတယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ချီးကျူးပြောဆိုသည်။
လတ်တလော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင် PDF များက KNU ၊ AA အပါအဝင် တော်လှန်ရေးအင်အားများစုပူးတွဲ၍ ထိုးစစ်ဆင်ခြင်းများ လုပ်ဆောင်လာပြီး တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းတို့တွင်လည်း PDF များနှင့် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
